ညောင်ရွှေ ဩဂုတ် ၁၃

 

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရတနာစံ ကျောင်းတော်အချို့နေရာများ၊ ရင်ပြင်တော် အချို့နေရာများ၊ ဒေသစာရီကြွချီ ပူဇော်ခံရာတွင် ပင့်ဆောင်ပူဇော်သည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိရာအဆောင်တို့ ထိခိုက်ပျက်စီးခဲ့ရသည်။

 

အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိ

ထိုသို့ ထိခိုက်ပျက်စီးမှုများအား နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များ၏ စုပေါင်းထည့်ဝင်လှူဒါန်းမှုများဖြင့် ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို သတ်မှတ်ကာလအမီ ပြီးစီးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များက အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။

 

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီတော်မူရာတွင် အသုံးပြုသည့် ကရဝိက် ဖောင်တော်နှင့် ဖောင်တော်ထားရှိရာ အဆောက်အအုံ ပြုပြင်မွမ်းမံမှုလုပ်ငန်းများအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ(၄) မိုင်းလားမြို့ တိုင်းရင်းသားပြည်သူများ၏ စုပေါင်းကုသိုလ် ပါဝင်လှူဒါန်းမှုဖြင့် မေ ၂၅ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

 

ကြိုးပမ်းဆောင်ရွက်လျက်ရှိ

အဆိုပါ ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို ယခုနှစ် သီတင်းကျွတ် ဖောင်တော်ဦးမြတ်စွာဘုရား အင်းလေးဒေသဝဲယာ(၂၁)ဌာနသို့ ဒေသ စာရီကြွချီအပူဇော်ခံပွဲတော်ကာလအမီ ဆောင်ရွက်ပြီးစီး နိုင်ရေး အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းအယ်ဘဲ