ညောင်ရွှေ ၂၈ မတ်    


အင်းသားရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အင်းလေးဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များနှင့်အညီ အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ရွာရှိ Innlay Cultural Heritage Trust Complex ၌ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

 

1


“ရေပေါ်သင်္ကြန်ဖွင့်ပွဲကို သင်္ကြန်အကြိုနေ့ ညနေသုံးနာရီမှာ အခမ်းအနားနဲ့ ပြုလုပ်မှာဖြစ်ပါတယ်။ သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ အင်းလေးကန်အတွင်းမှာ နေထိုင်ကြတဲ့ ညီနောင်တိုင်းရင်းသားတွေရဲ့ ရိုးရာ အကအလှ ဖျော်ဖြေတင်ဆက်မှုတွေ၊ နိုင်ငံကျော် တေးသံရှင်ကြီးများရဲ့ တေးဂီတဖျော်ဖြေမှုတွေနဲ့ နေ့စဉ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ သင်္ကြန်အတက်နေ့မှာ Mister and Miss Innlay 2019 ရွေးချယ်ပွဲ ကျင်းပမှာဖြစ်ပြီး နှစ်ဆန်း တစ်ရက်နေ့မှာ သံဃာအပါး တစ်ထောင် ရေပေါ်ဆွမ်းလောင်းပွဲ၊ နှစ်ဆယ့်ရှစ်ဆူ ဆွမ်းလောင်းပွဲနဲ့ နှစ်သစ်ကူးဓမ္မသဘင် ကျင်းပမှာ ဖြစ်ပါတယ်” ဟု Miss Innlay Organization မှ  ကိုမြင့်သိန်းထွန်းက ပြောသည်။


ရေပေါ်သင်္ကြန်နွှဲပျော်ရန်နှင့် စတုဒိသာ ကျွေးမွေးရန်အတွက် ရေပေါ်မဏ္ဍပ် ၂၁ ခုကိုလည်း စီစဉ်ထားကြောင်း၊ ဒေသတွင်းပြည်သူများ အပန်းဖြေစေရန်၊ လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပခရီးသွားများ အင်းလေးဒေသနှင့် မြန်မာနိုင်ငံကို ပိုမိုစိတ်ဝင်စားပြီး ခရီးသွားများပိုမိုဝင်ရောက်ကာ ဒေသတွင်းခရီးသွား အလုပ်အကိုင်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။


အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ဧပြီ ၁၇ ရက်ထိ ငါးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် နှစ်သိန်းခန့်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ ဒေသခံ ငါးသိန်းခန့် လာရောက် ဆင်နွှဲနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။


(နေမျိုးသူရိန်)