မိုးညှင်း ၆ ဧပြီ
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းနှင့် ဇနီးဒေါ်စန်းစန်းချိုတို့မှကြီးမှူးကျင်းပသည့် သိက္ခာကံထပ် ပုနောပသမ္ပဒမင်္ဂလာနှင့် သီလရှင် အပါး(၁၀ဝ)ဝတ် သာသနာ့ အမွေခံယူပွဲကို ယမန်နေ့ နံနက် ၈ နာရီတွင် မိုးညှင်းခရိုင်၊ အင်းတော် ကြီးမြို့ ဒေါ်ပုလဲ ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် နမောတဿ(၃)ကြိမ် ရွတ်ဆိုပူဇော်ဖွင့်လှစ်၍ ရတနာသုံးပါးကန်တော့ ခြင်းနှင့်ငါးပါးသီလ ဆောက်တည်ခြင်းများကို ကြွရောက်လာသည့် ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က ဆောင်ရွက်ခဲ့ကြပြီး ချောင်းဝဆရာတော် ဦးတေဇနိယက သီလရှင်ဝတ်ရခြင်းနှင့် ပတ်သက်၍ အကျိုးအပြစ်များကို ရှင်းလင်းဟောကြားခဲ့သည်။
ဆက်လက်၍ သာသနာ့အမွေခံယူပွဲသို့ ကြွရောက်လာသည့် သံဃာ အပါး(၇၀)နှင့် သာသနာ့အမွေခံယူကြမည့်သီလရှင်အပါး(၁၀ဝ)တို့အား ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့် ကြွရောက်လာသူဧည့်ပရိသတ်များက သိမ်ဆင်းအလှူအဖြစ် ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အလားတူ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်မှ ကြီးမှူး၍ ကချင်ပြည်နယ်လုံးဆိုင်ရာ တိုင်းရာင်းသားလူမျိုးပေါင်းစုံဗုဒ္ဓ အဆုံးအမခံယူပွဲနှင့်ရှင်ရဟန်းအပါး (၁၀ဝဝ)သာသနာ့အမွေ ခံယူပွဲကို မတ်လ(၃၁) ရက်နေ့တွင် မြစ်ကြီးနားမြို့ အံတော်ရှင် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)



