အင်ဥကြော်

၁၇ ဇွန်

 

ဒီမနက် အိမ်ရှင်မဈေးကအပြန်မှာ အင်ဥတွေဈေးခြင်းထဲပါလာတာတွေ့လို့ မေးကြည့်တော့ ပေါ်ဦးပေါ်ဖျား ဈေးထဲမှာတွေ့လို့မို့ ဝယ်လာတာလို့ဖြေပါတယ်။ ပေါ်ဦးပေါ်ဖျားဆိုတော့ ဈေးကမသေးလှပါဘူး။ နို့ဆီဘူးတစ်လုံးကို တစ်ထောင့်နှစ်ရာ၊ တစ်ပြည်ကို ကိုးထောင့်ခြောက်ရာပါတဲ့။ ဈေးများလှချည်လားလို့ စောဒကတက်မိတော့ ထိုင်းကို အိတ်စ်ပို့ဆွဲနေတာ ဒီဈေးနဲ့ စားခွင့်ရတာ ကံကောင်းတယ်မှတ်လို့ ဇနီးသည်က ခပ်ဆတ်ဆတ်ပြောပြီး အိမ်ထဲဝင်သွားလို့ အသာငြိမ်နေလိုက်ရပါတယ်။

 

တကယ်တော့ အင်ဥဆိုတာက အညာစာပါ။ စစ်ကိုင်းတိုင်းဒေသကြီးထဲက အင်တောကြီးတွေမှာ ပေါပေါများများရှာလို့ရပါသတဲ့။ မိုးဦးကျစ မိုးတစ်ပြိုက်၊ နေတစ်ပြိုက်ကာလမျိုးမှာ အင်တောကြီးတွေထဲမှာ ရှာရတာပါတဲ့။ တစ်နှစ်မှာ တစ်ခါသာပေါ်တဲ့ သဘာဝသစ်ဥ၊ သစ်ဖုမျိုးမို့လည်း တန်ဖိုးထားစားကြဟန်တူပါရဲ့။ သစ်ရွက်ဆွေး၊ မြေဆွေးတွေအောက်မှာ ပေါက်ရလို့ထင်ပါရဲ့။ အင်ဥတွေကသစ်ဆွေး၊ မြေဆွေးအရောင် မည်းမှောင်နေပါတယ်။ အင်ဥပေါ်ချိန်ဆို စစ်ကိုင်း၊ မန္တလေးဘက်က ထမင်းဆိုင်တွေမှာ အထူး ဟင်းလျာအဖြစ် ကြော်ရောင်း၊ သုပ်ရောင်းကြတာကို စားဖူးပါတယ်။ ဝါးလိုက်ရင် မာတာတာနဲ့၊ ဆိမ့်တိမ့်တိမ့်ရှိတဲ့ အင်ဥအရသာက စွဲမက်စရာပါ။ အခုလို ကားလမ်း၊ ရထားလမ်း ကောင်းကောင်းပေါက်တဲ့အချိန်အခါမို့ နယ်ထွက်ကုန် ဒေသစာတွေကို ပေါ်ဦးပေါ်ဖျားအချိန်တွေတိုင်းမှာ မြို့နယ်မရွေး တွေ့မြင်ရပြီး စားသုံးခွင့်ရကြတာပါ။

 

အင်ဥရဲ့ဂုဏ်ကို ယောအတွင်းဝန်ဦးဘိုးလှိုင်ရဲ့ ဥတုဘောဇနသင်္ဂဟကျမ်းမှာ “မြေဥ, အင်ဥ, မှိုဥ, မှိုမျိုးတို့ကို သံသေဒဇဟူ၍လည်းကောင်း၊ ဘူမိဆန္ဒ ဟူ၍လည်းကောင်း၊ သီလိန္ဒကဟူ၍လည်းကောင်း ခေါ်ကုန်၏။ ထိုမှိုမျိုးတို့သည် ကျိချွဲကုန်၏။ အေးကုန်၏။ ချိုဆိမ့်၏။ ကြေခဲ၏။ မစင်ကြယ်လျှင် ဝမ်းသွန်၊ ဝမ်းပျက်၊ သလိပ်နာတို့ကိုဖြစ်စေတတ်၏။ ထိုဝတ္ထုမျိုးတို့တွင် စင်ကြယ်သော တွင်း၊ တောင်ပို့၊ သစ်၊ ဝါး၊ တုံးတို့၌ဖြစ်သော ဝတ္ထုမျိုးတို့သည် အပြစ်နည်းကုန်၏။ထိုမှတစ်ပါးသောအရပ်၌ဖြစ်သော ဝတ္ထုမျိုးတို့သည် အပြစ်များကုန်၏” လို့ ဖော်ပြထားပါတယ်။

 

အင်ဥကိုစားသုံးရာမှာ သုပ်စား၊ ကြော်စားကြပါတယ်။ သစ်ရွက်ဆွေး၊မြေဆွေးတွေနဲ့ ရောယှက်ပြီးပေါက်တာမို့၊ အင်ဥမှာ ကပ်နေတဲ့ သဲတွေ၊ ဖုန်တွေကိုတော့ စိတ်ရှည်ရှည်နဲ့ ဆေးရပါမယ်။ အင်ဥကိုရေဆေးရင် ဆန်ခါထဲထည့်ပြီး ရေဖွားဖွားနဲ့ အကြိမ်ကြိမ်ဆေးပါမှ ဖုန်၊ သဲ စင်ပါတယ်။ သဲမစင်ရင် သဲစတွေကို ဝါးမိပြီး အရသာပျက်ပါတယ်။ အချို့က ရေစင်စင်ဆေး၊ ပါးပါးလှီးပြီး အစိမ်းအတိုင်း ကြော်စားကြပေမယ့် သုပ်စားမယ်ဆိုရင်တော့ ရေနွေးဖြောရပါမယ်။ အင်ဥအလုံးလေးတွေက အရွယ်အကြီးအသေးမညီလို့ ဓားနဲ့လှီးမယ့်အစား ကတ်ကြေးသုံးတာက ပိုပြီးလွယ်ကူကြောင်း အကြံပြုပါတယ်။

 

အစိမ်းအတိုင်းကြော်စားတဲ့အခါ ရေဆေးတာမစင်ခဲ့ရင်လည်း ဖက်ရွက်ဆွေးနံ့ထွက်တတ်ပါတယ်။ အင်ဥကို ရေနွေးဖြောမယ်ဆိုရင် ဒယ်အိုးထဲမှာ ဆားခတ်ပြီး ရေနွေးဆူဆူမှာ ကြာကြာလေးဖြောပါ။ သုပ်စားမယ်ဆိုရင် ပါးပါးလှီး၊ ကြက်သွန်စိမ်းထည့်၊ သံပရာရည်ညှစ်ပြီး ဆားသင့်ရုံနဲ့ ဆီချက်လောင်း သုပ်ကြပါတယ်။ အစပ်ကြိုက်ရင်တော့ ငရုတ်သီးစိမ်းတောင့်လေးညှပ်ထည့်ပါ။

 

ကြော်စားရင်တော့ မထူမပါးလှီးထားတဲ့ အင်ဥတွေကို ကြက်သွန်ဖြူလေး ဓားပြားရိုက်ပြီး မွှေးလာအောင် ဆီသတ်၊ နနွင်းမှုန့်လေး နည်းနည်းအရောင်လှအောင်ထည့်ပြီး ဆားသင့်ရုံနဲ့ ကြော်ရုံပါပဲ။ အင်ဥကြော်တဲ့အခါနူးသာရုံရေအသင့်အတင့်ထည့်ပြီး စလောင်းဖုံးပိတ် တည်ရပါမယ်။ ဒယ်အိုးထဲဆီပြန်လာတဲ့အခါ မွှေးရနံ့သင်းပျံ့တဲ့ အင်ဥကြော်အသင့်ဖြစ်ပါပြီ။ အင်ဥကြော်ကို စားသုံးတဲ့အခါ အင်ဥအတွင်းက အမည်းရောင်ဥနှစ်လေးရဲ့ နူးညံ့ညံ့အိတိတိ အရသာကိုတော့ စားဖူးသူတိုင်း မေ့နိုင်ကြမယ်မထင်ပါဘူး။ 

 

စံလွင်(ငါးဦးစီး)