ဇင်လင်းမြင့်

နှစ်စဉ် ဇူလိုင်လရောက်တိုင်း ဇူလိုင် မိုးစက်တွေနဲ့အတူ ဆို့နင့်ကြေကွဲမှုတွေ ဖြစ်ပေါ်ခံစားရတာ အကြိမ်ကြိမ်ပါပဲ။ မိုးတွေ စွေနေတတ်တဲ့ ဇူလိုင် ၁၉ ရက်ဟာ ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင် တွေ ကျဆုံးခဲ့ရတဲ့နေ့ဖြစ်တာမို့ ပြည်သူ တစ်ရပ်လုံးရင်ထဲမှာ နှမြောတသပူဆွေး ဝမ်းနည်းကြေကွဲခဲ့ရတဲ့စိတ်တွေ ဖြစ်ပါတယ်။ ဒီနှစ်မှကျရောက်မယ့် အာဇာနည်နေ့အတွက် တော့ နှစ်စဉ်နှစ်တိုင်းလို ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် (ရန်ကုန်) ကို ကိုဗစ်-၁၉ ကြောင့် ပြည်သူတွေအတွက် လာရောက်လေ့လာ ကြည့်ရှုဖို့ ဖွင့်လှစ်မှာ မဟုတ်ဘဲ အွန်လိုင်းက ပြသပေးမယ်လို့ တာဝန်ရှိသူတွေက ဆိုထား ပါတယ်။
ပြည်သူတွေအွန်လိုင်းမှ လေ့လာနိုင်
“ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ကို ဧည့်သည်တွေ ဝင်ရောက်လေ့လာခွင့် ပိတ်ထားမှာဖြစ်ပြီး ပြည်သူတွေအွန်လိုင်းမှ လေ့လာနိုင်ဖို့ စီစဉ်နေပါတယ်” လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်လွင် ဦးကပြောထားပါတယ်။ ဒါကလည်း ကိုဗစ်- ၁၉ ကာလမှာ အများပြည်သူတွေရဲ့ ကျန်းမာ ရေးအကျိုးကိုရှေးရှုပြီး အခြေအနေရအခုလို စီစဉ်ရခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ဟာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ် (၁) ရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်းမှာ တည်ရှိတာ ဖြစ်ပါတယ်။ ဒီဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကို လာမယ့်အာဇာနည်နေ့အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီးဖြစ်သလို အွန်လိုင်းကနေ ပြည်သူတွေကြည့်ရှုနိုင်အောင် လို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။
အွန်လိုင်းက ပြသကြည့်ရှုတဲ့အခါ ဖေ့ဘွတ်ရော၊ ဝက်ဘ်ဆိုက်တွေမှာပါ ကြည့်လို့ ရမှာဖြစ်ပြီး သီးခြားအနေနဲ့လည်း တင်ပေး သွားမှာ ဖြစ်ကြောင်းသိရပါတယ်။ နောက်ပြီး damain လည်း ဝယ်ထားသလို damain က ကြည့်လို့ရအောင်လည်း စီစဉ်ဆောင်ရွက် ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် application ကနေ ကြည့်လို့ရအောင် ပြုလုပ်ပေးမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
နီးနီးကပ်ကပ် ကိုယ်တိုင်ထိတွေ့ခံစား
တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး ပြည်သူတွေ ဒီနေ့ဒီရက်မှာ လာရောက်မှုအများဆုံး၊ လေ့လာမှုအများဆုံး က ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား နောက်ဆုံးနေထိုင်ခဲ့တဲ့ ရန်ကုန်မြို့ ဗိုလ်ချုပ် ပြတိုက်လမ်းက ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပဲဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ကိုယ်တိုင် လာရောက်လေ့လာတဲ့အခါ ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ ဗိုလ်ချုပ်တို့ မိသားစု အငွေ့အသက်ကို နီးနီးကပ်ကပ်ကိုယ်တိုင် ထိတွေ့ခံစားရတဲ့ စိတ်ခံစားမှုမျိုးက နှလုံး အိမ်မှာနင့်နေအောင် ဖြစ်စေပါတယ်။ အသိ တရားတွေ၊ သတိထားစရာတွေ အများကြီး ရရှိစေပါတယ်။
ဒါပေမယ့် တစ်ကမ္ဘာလုံး နိုင်ငံအသီးသီးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ဟာ ပြည်သူကျန်းမာ ရေးအတွက် စိုးရိမ်စရာကောင်းပြီး ကြိုတင် ကာကွယ်မှုအဖြစ် အခုလိုအွန်လိုင်းကနေ ပြသတာကိုတော့ ပြည်သူတွေ နားလည်လာ ကြမှာဖြစ်ပါတယ်။ ဒီလိုအွန်လိုင်းကနေ ပြသ တဲ့အခါ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနရဲ့ ဝက်ဘ်ဆိုက်နဲ့ တရားဝင်လူမှုကွန်ရက် စာမျက်နှာတွေက တစ်ဆင့်လည်း ထုတ်ဖော် ပြသသွားမှာ ဖြစ်ပါတယ်။
ဆက်နွှယ်တဲ့ လင့်ခ်တွေကို ထည့်သွင်း
ဒါ့အပြင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ ဝက်ဘ်ဆိုက်နဲ့ တရားဝင်လူမှုကွန်ရက် စာမျက်နှာမှာလည်း ပြသပေးသွားမှာဖြစ်ပါတယ်။ ဒီလိုပြသတဲ့အခါ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြုလုပ်ထားတဲ့ အမျိုးသားပြတိုက်များရဲ့ လူမှု ကွန်ရက်စာမျက်နှာတွေမှာလည်း အာဇာနည် နေ့ အထိမ်းအမှတ်ဖြစ် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် (ရန်ကုန်) နဲ့ ဆက်နွှယ်တဲ့ လင့်ခ် တွေကို ထည့်သွင်းလေ့လာသွားမယ်လို့လည်း ဆိုပါတယ်။
၂၀ ရာစု ဥရောပပုံစံ
ဗိုလ်ချုပ်အောင်ဆန်းဟာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်(၁) ရပ်ကွက် ဗိုလ်ချုပ် ပြတိုက်လမ်းမှာရှိတဲ့ နေအိမ်မှာ ၁၉၄၅ ခုနှစ် မေလမှ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်အထိ မိသားစုနဲ့အတူ နေထိုင် ခဲ့တာဖြစ်ပါတယ်။ ဒီအိမ်ခြံအကျယ်အဝန်းဟာ ၂ ဒသမ ၄၂၃ ဧကရှိပြီး မြေကွက်ပုံစံက အဲခု ပုံသဏ္ဌာန် ဖြစ်ပါတယ်။ ခြံအတွင်းမှာ ၁၈ ပေ ခန့်မြင့်တဲ့ ကုန်းပေါ်မှာတောင်ဘက်ကို မျက်နှာစာပြုပြီး ၁၉၂၁-ခုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ အိမ်ဖြစ်ပါတယ်။ ဒီအိမ်ဟာ အနောက်တိုင်း ဗိသုကာပုံစံ ရောနှောတည်ဆောက်ထားတဲ့ ၂၀ ရာစု ဥရောပပုံစံ ဖြစ်ပါတယ်။
ထိန်းသိမ်းစောင့်ရှောက်နေတာဖြစ်
ဒီနေအိမ်ဟာ ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှာ ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသား ပြတိုက်ရဲ့ အုပ်ချုပ်မှုအောက်မှာ ထားရှိခဲ့ပြီး ၁၉၆၂ ခုနှစ် ဇူလိုင် ၁၉ ရက်မှာတော့ ဗိုလ်ချုပ် အောင်ဆန်းအထိမ်းအမှတ်ပြတိုက် တစ်ခု အဖြစ်အာဇာနည်နေ့တွေမှာ သီတင်းတစ်ပတ် ခန့်ကြာ ပြည်သူတွေကို ဖွင့်လှစ်ပြသခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်မှာ ရှိပြီး ထိန်းသိမ်းစောင့်ရှောက်နေတာ ဖြစ်ပါ တယ်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) မှာ စာကြည့်ခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်း၊ ကလေးများအိပ်ခန်း၊ အထူးအစည်း အဝေးခန်းစတဲ့ အခန်းတွေ ရှိနေပါတယ်။ နှစ်စဉ်ပြည်သူတွေ လာရောက်လေ့လာ ကြည့်ရှုတဲ့အခါ အဲဒီအခန်းတွေနဲ့အတူ ခင်းကျင်းပြသထားမှုကို မြင်တွေ့လေ့လာနိုင် ကြတာဖြစ်ပါတယ်။
အခုဒီနှစ်မှာလည်း ပြည်သူတွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) နဲ့ ဆက်စပ်မှတ်တမ်းဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို ကိုယ်တိုင် ရောက်ရှိမြင်တွေ့ရသလို ခံစားနိုင်အောင် 3D VR စနစ်နဲ့ ဖန်တီးမှုတွေ၊ Disitalize နဲ့ပြသမယ့် ဗိုလ်ချုပ်ကျဆုံးခဲ့တဲ့ အချိန်မှာ ကျန်ရစ်တဲ့ ပစ္စည်း ၂၈ မျိုးကိုလည်း ပြသသွားမှာ ဖြစ်ပါ တယ်။
အမှတ်တရဖြစ်စရာတွေ ပြသ
ဒါ့အပြင် အရင်နှစ်အာဇာနည်နေ့နဲ့ ကြည့်ရှုခွင့်ပြုတဲ့နေ့တွေမှာ ပြည်သူတွေ လာရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) မှာ ကြည့်ရှုခဲ့ကြတဲ့ မှတ်တမ်း ဓာတ်ပုံတွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လှုပ်ရှားမှု ရှားပါးဓာတ်ပုံတွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေနဲ့ အဆိုအမိန့်တွေစတဲ့ ဗိုလ်ချုပ် ကို အမှတ်တရဖြစ်စရာတွေ ပြသသွားမှာ ဖြစ်ပါတယ်။
ဒီလိုအစီအစဉ်တွေကို အာဇာနည်နေ့ မတိုင်မီ ရက်တစ်ပတ်ခန့်ကြိုတင်ပြီး ပြည်သူ တွေ လေ့လာနိုင်အောင် ကြိုးစားနေတာ ဖြစ်ပါ တယ်။ ပြည်သူတွေလေးစားအားထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ အမှတ်ရ စရာတွေ စုံလင်အောင်လည်း ကြိုတင် ဆောင်ရွက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီလို အကောင်းမွန်ဆုံး ကြိုးစားပြင်ဆင် ဆောင်ရွက်မှုတွေလုပ်ပြီး ဗဟိုကော်မတီက လွှင့်ဖို့ ညွှန်ကြားချက်အတိုင်း ပြည်သူတွေ အတွက် ထုတ်လွှင့်ဖော်ပြပေးသွားတော့မှာ ဖြစ်ပါတယ်။
ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနလက်အောက်မှာရှိတဲ့ ပြတိုက် ၃၂- ခုကို ၂၀၂၀ ပြည့်နှစ် မတ် ၂၅ ရက်က စတင်ပြီး ဧည့်သည် လာရောက်လည်ပတ်ခွင့်တွေ ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီပြတိုက် တွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
အလွယ်တကူ ကြည့်ရှုလေ့လာနိုင်
ဒီနှစ်မှာ ထူးထူးခြားခြားအွန်လိုင်းမှ ပြသ မယ့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) ကို ပြည်သူတွေ မိမိအိမ်၊ မိမိလက်ကိုင်ဖုန်း တွေနဲ့ မိမိရောက်ရှိရာ နေရာတွေကနေပြီး အလွယ်တကူကြည့်ရှုလေ့လာနိုင်မှာဖြစ်တာမို့ စိတ်ဝင်စားစွာလေ့လာခံစားနိုင်မယ့် အခွင့် အရေးတစ်ရပ်ပဲဖြစ်ပါတယ်။ ။

မြန်မာ့အလင်း ယနေ့ရန်ကုန်