အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)၏ ရန်ကုန် - မန္တလေး - နိုဗိုစီဗစ် ခရီးစဉ် စတင်ပျံသန်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၅

 

မြန်မာ-ရုရှား တိုက်ရိုက်လေကြောင်းကွန်ရက် ချိတ်ဆက်မှုမှတစ်ဆင့် ရုရှားခရီးသွား ဧည့်သည်များ ပိုမိုလာရောက် လည်ပတ်နိုင်စေရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုတိုးမြင့်လာရေးတို့အတွက် အထောက်အကူ ဖြစ်စေရန် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)၏ ရန်ကုန် - မန္တလေး - နိုဗိုစီဗစ် ခရီးစဉ် စတင်ပျံသန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်သည်။

 

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကာပြောကြားပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ သံရုံးမှ ဒုတိယအကြီးအကဲ Mr. Pavel Klapukov နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှ ကိုယ်စားလှယ်တစ်ဦးတို့က အသီးသီး ဝမ်းမြောက်စကား ပြောကြားကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၏ ရန်ကုန် - မန္တလေး - နိုဗိုစီဗစ် ခရီးစဉ်ပြေးဆွဲခြင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို လွယ်ကူစွာသိရှိနိုင်ရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း၌ ဖွင့်လှစ်ထားသော ဟိုတယ်နှင့် ခရီးသွားလာရေး သတင်းပြန် ကြားရေးကောင်တာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

ရန်ကုန် - မန္တလေး - နိုဗိုစီဗစ် အသွား/အပြန်ခရီးစဉ်ကို အပတ်စဉ် အင်္ဂါနေ့နှင့် စနေနေ့တို့တွင် ပုံမှန် ပျံသန်းပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်