၂၂ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့က ကြီးမှူး၍ ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်(၂၂) ကြိမ်မြောက် ကာတွန်း၊ ပန်းချီ၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများကို ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။
မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကာတွန်းပြိုင်ပွဲနှင့် အလွတ်တန်း ကာတွန်း ပြိုင်ပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် အထက(၂)ကျောင်း၊ မြညီလာခန်းမ၌ ဇွန် ၈ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိလည်းကောင်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲများကို ယင်းနေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း ကျင်းပသွားမည် ဖြစ်သည်။
အလယ်တန်း၊ အထက်တန်းအဆင့် ကွန်ပျူတာပန်းချီပြိုင်ပွဲကို ဇွန် ၉ ရက်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ပါရမီလမ်း၊ (၁၂) ရပ်ကွက်၊ တက္ကသိုလ်များ လှိုင်နယ်မြေ၊ လှိုင်မြို့နယ်၌ ကျင်းပမည်ဖြစ်ပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပိုစတာပြိုင်ပွဲကို ယင်းနေ့ ၂ နာရီမှ ညနေ ၅ နာရီအထိ လသာမြို့နယ်၊ အထက (၂) ကျောင်း၊ မြညီလာခန်းမ၌ ကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင်ပုံစံများကို မေ ၁ ရက်မှစတင်၍ ကမာရွတ်မြို့နယ်ရှိ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်(ရန်ကုန်)တွင် အခမဲ့ထုတ်ယူနိုင်ပြီး ဖြည့်စွက်ပုံစံများကို ဇွန် ၆ ရက် နောက်ဆုံး ထား၍ မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက် (ရန်ကုန်) သို့ ပြန်လည်ပေးပို့ရမည်ဖြစ် ကြောင်းသိရသည်။
(သတင်းစဉ်)


