နေပြည်တော် ၂၁ မတ်
အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက နေပြည်တော် ရေဆင်းရှိ သစ်တောသုတေသနဌာန၌ ကျင်းပသည်။ အခမ်းအနားတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ယနေ့ ကမ္ဘာ့ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုနှင့်အတူ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် ရာသီဥတုပြောင်းလဲမှုများနှင့် နောက်ဆက်တွဲအကျိုးဆက်များကို ရင်ဆိုင်တွေ့ကြုံရလျက်ရှိပါကြောင်း၊
မြေထု၊ ရေထု၊ လေထုများညစ်ညမ်းလာခြင်း၊ ကမ္ဘာ့အိုဇုန်းလွှာ ပျက်စီးယိုယွင်းလာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ယိုယွင်းပျက်စီးလာခြင်း၊ သဲကန္တရဖြစ်ထွန်းခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများကျရောက်ခြင်း၊ မီးတောင်များ ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ တောမီးလောင်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များကိုလည်း ရင်ဆိုင်ကြုံတွေ့လျက်ရှိပါကြောင်း၊
ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၏ အဓိကအကြောင်းအရင်းသည် သစ်တောများပြုန်းတီးမှု၊ သစ်တောအတန်းအစား ကျဆင်းမှုအပါအဝင် အရင်းအမြစ်အမျိုးမျိုး၊ လုပ်ငန်းနယ်ပယ်အမျိုးမျိုးမှ ထုတ်လွှတ်လိုက်သည့် ဖန်လုံအိမ်ဓာတ်ငွေ့များ ကမ္ဘာ့လေထုထဲတွင် တနေ့ထက်တစ်နေ့ ပိုမိုများပြားလာသည့်အတွက် သစ်တောများ၏ အစစ်အမှန်တန်ဖိုးများကို ပိုမိုအသိအမှတ်ပြု အလေးထားလာကြပြီး သစ်တောများထိန်းသိမ်းရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းလာကြပါကြောင်း၊
ကုလသမဂ္ဂသစ်တောဖိုရမ်က ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အတွက် ချမှတ်ထားသည့် “သစ်တောများနှင့် ပညာရေး” ဦးတည်ချက်နှင့် စပ်လျဉ်းပြီး အဓိကဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် (၅) ခု မှာ သစ်တောများ ထာဝစဉ်တည်တံ့စေရန် ဆောင်ရွက်ခြင်း၊ သစ်ပင်များအကြောင်း ပညာပေးခြင်း၊ ခေတ်မီနည်းပညာနှင့် မိရိုးဖလာ အသိပညာဗဟုသုတများအား သစ်တောများ ထာဝစဉ်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာသင်ယူစေခြင်းနှင့် ထိရောက်စွာ အသုံးချခြင်း၊ သစ်တောပညာရေးမှာ ပိုမိုရင်းနှီးမြှုပ်နှံခြင်းဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးအဖြစ် ပြောင်းလဲနိုင်အောင် ဆောင်ရွက်ခြင်း၊ အမျိုးသမီးများနှင့် အမျိုးသားများ သစ်တောပညာရေးအတွက် တူညီသောအခွင့်အရေးရှိစေရန် ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊
သစ်တောပြုန်းတီးမှုလျှော့ချရေးနှင့် သစ်တောများ ထာဝစဉ်တည်တံ့စေရေးတို့အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် သစ်ထုတ်လုပ်မှု လုံးဝရပ်ဆိုင်းခဲ့၍ သစ်တောကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပြန်လည်ဆန်းစစ်ခြင်း၊ ၂၀၁၆−၁၇ ဘဏ္ဍာရေးနှစ်မှ စတင်၍ ပဲခူးရိုးမဒေသတွင် သစ်ထုတ်လုပ်မှု ၁၀ နှစ် ရပ်ဆိုင်းခြင်းနှင့် သစ်တောများ စိုက်ပျိုးထိန်းသိမ်းပြုစုခြင်း၊ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (၂၀၁၇−၁၈ မှ ၂၀၂၆−၂၇)ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် စတင်အကောင်အထည်ဖော်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ (၂၀၁၆)ကို ထုတ်ပြန်နိုင်ခဲ့ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ (၂၀၁၈)နည်းဥပဒေများနှင့် သစ်တောဥပဒေ (၂၀၁၈)တို့ကို ပြဌာန်းခြင်း စသည့် လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆက်စပ်ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရေဆင်းနယ်မြေ တက္ကသိုလ်အသီးသီးနှင့် အထက်တန်းကျောင်း၊ မူလတန်းကျောင်းအသီးသီးတို့မှ ဆရာဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။
(သတင်းစဉ်)


