မြောင်းမြ ၂၁ မတ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြောင်းမြမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ယနေ့ မတ်လ ၂၁ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မြောင်းမြမြို့နယ် မုဆိုးကွင်း ကျေးရွာအုပ်စု၊ မြေတံတားကြီးကျေးရွာ မြို့ဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုဦးစီးမှူး ဦးဟယ်နီစိုးက အမှာစကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးအရာရှိ ဦးမြင့်သန်းကိုက "အပြည်ပြည်ဆိုင်ရာသစ်တောများနေ့" နှင့်ပတ်သက်၍ သိကောင်းစရာများကို ဆွေးနွေးပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သစ်တောကြိုးဝိုင်းအနီးရှိ ဘုရားငုတ္တိုကျေးရွာ၊ မုဆိုးကွင်းကျေးရွာ၊ မြေတံတားလေးကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ရေပြာစမ်းကျေးရွာတို့မှ ဒေသခံ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်နေ့ကို "သစ်တောများနှင့် ပညာရေး" ဟူ၍ ဆောင်ပုဒ် သတ်မှတ်ထားပြီး သက်ရှိလောက တည်မြဲရေး၊ ရာသီဥတုသာယာ လှပရေး ၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ မြေဆီလွှာနှင့် ရေအရင်းအမြစ်များ ထိန်းသိမ်းရေး၊ သဲကန္တာရ ဖြစ်ထွန်းမှု တိုက်ဖျက်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စသည့် လုပ်ငန်း များအတွက် သစ်တောများ၏ အရေးပါသည့် အခန်းကဏ္ဍမှ ပြည်သူများ အသိအမြင် တိုးပွားလာရေးအတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးမြင့်သန်းကို၏ ပြောကြားချက်အရ သိရသည်။
အောင်မင်း (မြောင်းမြ)


