နေပြည်တော် ၁၀ ဧပြီ
နေပြည်တော်တွင် ဖွင့်လှစ်မည့် အမေရိကန်သံရုံးဆက်ဆံရေးရုံး ပန္နက်တင် အခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ Hilton Hotel၌ ကျင်းပသည်။
အခမ်းအနားတွင်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Scot Marcielတို့က အမှာစကား ပြောကြားခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားရာတွင် မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် ဖွင့်လှစ်မည့် အမေရိကန်သံရုံးဆက်ဆံရေးရုံး၏ ပန္နက်တင်အခမ်းအနား ကျင်းပခြင်းအတွက် အမေရိကန်သံအမတ်ကြီး Mr. Scot Marciel အား ဂုဏ်ပြု ဝမ်းမြောက်ကြောင်းနှင့် ယင်းမှာ အမေရိကန်သံရုံး နေပြည်တော်သို့ ပြောင်းရွှေ့မည့် လုပ်ငန်းစဉ်၏ အဓိကကျသော ပထမခြေလှမ်းတစ်ခုအဖြစ် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
ယခုကဲ့သို့ ဆက်ဆံရေးရုံးဖွင့်လှစ်မည့် အစီအစဉ်မှာနေပြည်တော်တွင် အစိုးရ အဖွဲ့အစည်း များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လိုသည့် အမေရိကန် သံရုံး၏ဆန္ဒကို ဖော်ပြနေ ကြောင်း၊နိုင်ငံ၏မြို့တော်တွင် ဆက်ဆံရေးရုံးရှိနေခြင်းအားဖြင့် သံရုံးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ထိတွေ့ဆက်ဆံ နိုင်မည့် အခွင့်အရေးများ ပိုမိုရရှိလာပြီး နှစ်နိုင်ငံ အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်ရေး တိုးမြှင့်ရန် အခွင့်အလမ်းကောင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများအားလုံးကို သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် အုပ်ချုပ်ရေးမြို့တော်သို့ ၎င်းတို့၏ရုံးများကို ပြောင်းရွှေ့နိုင်ရေး အလားတူဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းပြောကြားသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ အဆင့်မြင့် အရာရှိကြီးများ၊ အမေရိကန်သံရုံးမှ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
လက်ရှိတွင် နေပြည်တော်သံတမန်ဇုန်ရှိ မြေကွက် (၈၈)ကွက်အနက် သံရုံးစုစုပေါင်း (၁၆)ရုံးမှ မြေကွက် (၂၉)ကွက် ရွေးချယ်အဆိုပြုထားပြီးဖြစ်ကြောင်း၊ သံရုံး (၂)ရုံးမှ မြေကွက်များ ငှားရမ်းစာချုပ် ချုပ်ဆိုထားပြီး သံရုံး(၃)ရုံးအနေဖြင့် နှစ်နိုင်ငံ သံတမန် မြေလဲလှယ်ရေး စာချုပ်များ ချုပ်ဆိုခြင်း၊ညှိနှိုင်းခြင်းများပြုလုပ်လျက်ရှိကြောင်း၊ နေပြည်တော်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးအနေဖြင့် ၎င်းတို့၏ ဆက်ဆံရေးရုံးကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလကတည်းက ဖွင့်လှစ်ထားခဲ့ကြောင်းနှင့် ကုလသမဂ္ဂအေဂျင်စီ အများအပြားပါဝင်သည့် ကုလသမဂ္ဂရုံးကိုလည်း ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှ ပြောင်းရွှေ့ဖွင့် လှစ်ခဲ့ကြောင်းသိရှိရသည်။
(သတင်းစဉ်)


