အပူပိုင်းမုန်တိုင်း ပါဘတ် နောက် ၂၄ နာရီအတွင်း အပူပိုင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွား

နေပြည်တော် ၄ ဇန်နဝါရီ 


"ယနေ့မြန်မာစံတော်ချိန်  ၁ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ထိုင်းပင်လယ် ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း"ပါဘက်" (Pabuk)သည် ထိုင်းနိုင်ငံ၊ နခွန်စီသမာရက်မြို့ (Nakhon Si Thammarat)နှင့် ပက်ဖနောင်းမြို့ (Pak Phanang) အနီးမှ စတင်ဖြတ်ကျော်လျက်ရှိသည်။"


နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အပူပိုင်းမုန်တိုင်း"ပါဘက်"(Pabuk)သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ အပူပိုင်းမုန်တိုင်းငယ် (Tropical Depression) အဖြစ် အားလျော့သွားကာ ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။


သတိပေးနှိုးဆော်ချက် 

(က) အဆိုပါ အပူပိုင်းမုန်တိုင်း"ပါဘက်"(Pabuk)၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ နောက် (၇၂)နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။


(ခ) မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့် ရှိနိုင်ပါသည်။


အကြံပြုချက်

အဆိုပါ အပူပိုင်းမုန်တိုင်း"ပါဘက်"(Pabuk)၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ် ခြင်းနှင့် အချိန်အခါမဟုတ်မိုးရွာသွန်းခြင်း ဖြစ်ပေါ်နိုင်ပါသဖြင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အကြံပြုထားသည်။


MDN