တိုကျို   ၇  ဇန်နဝါရီ

အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုအခြေအနေများ လျှော့ချနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးက သံတမန်ရေးအရ ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က စေ့ဆော်တိုက်တွန်းမည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ်ရှင်ဇိုအာဘေးသည် ဇန်နဝါရီ  ၆ ရက်တွင် နှစ်သစ်ကူး သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုများ မြင့်တက်လာမည့်အခြေအနေအပေါ် လွန်စွာစိုးရိမ်ပူပန်မိကြောင်းနှင့် တင်းမာမှုအခြေအနေများ ယခုထက်ပို မိုဆိုးရွားမလာစေရေး သက်ဆိုင်ရာအဖွဲ့ အစည်းများအားလုံးက သံတမန်ရေးအရ ဝိုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းမည်ဖြစ်ကြောင်း မစ္စတာအာဘေးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက ဂျပန်သို့ အီရန်သမ္မတ ဟက်ဆန်ရိုဟာနီ အလည်အပတ်ရောက်ရှိခဲ့မှုကိုလည်း မစ္စတာအာဘေးက ပြန်လည်ပြောဆိုခဲ့ပြီး တိုကျိုအနေဖြင့် အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းစေရေး အထောက်အကူဖြစ်စေမည့် သံတမန်ရေးကြိုးပမ်းမှုအနေဖြင့် စေ့စပ်ညှိနှိုင်းမှု ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ၏ စွမ်းအင်အရင်းအမြစ်အများစုအတွက် အရှေ့ အလယ်ပိုင်းဒေသကို မှီခိုအားထားနေရကြောင်း သိရသည်။

ဝန်ကြီးချုပ် မစ္စတာအာဘေးက ဂျပန်နိုင်ငံနှင့် ချိတ်ဆက်နေသည့် သင်္ဘောများ အရှေ့အလယ်ပိုင်းဒေသ အတွင်း၌ ဘေးကင်းစွာ ရေကြောင်းသွားလာမှု ပြုလုပ်နိုင်ရေး ခိုင်မာသေချာစေရန်အတွက် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့များကို သတင်းအချက်အလက် စုဆောင်းရန် အရှေ့အလယ်ပိုင်းသို့ စေလွှတ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ