အစ္စတန်ဘူလ် ၁၀ ဇန်နဝါရီ
ရုရှားနှင့် တူရကီခေါင်းဆောင်များက ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး နှစ်နိုင်ငံစလုံးက အရှေ့အလယ်ပိုင်း ဒေသတွင် တင်းမာမှုများ ဖြေလျှော့ရန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်မည်ဟု ပြောကြားလိုက်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တူရကီသမ္မတ ရီစက်တေယက်အာဒိုဂန်တို့သည် ယမန်နေ့က နှစ်နိုင်ငံကြား ကီလိုမီတာ ၉၃၀ ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း Turk Stream ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ပူးတွဲထုတ်ပြန်ချက်အတွင်း ရုရှားသမ္မတပူတင်နှင့် တူရကီ သမ္မတ အာဒိုဂန်တို့က အီရန်နိုင်ငံ၏ အခြေအနေကို ရည်ညွှန်းကာ အမေရိကန်နှင့် အီရန်အပါအဝင် သက်ဆိုင်ရာ တိုင်းပြည်များက စိတ်ရှည်သည်းခံမှု၊ ဆင်ခြင်တုံတရားတို့ဖြင့် ပြုမူကြရန် မေတ္တာရပ်ခံခဲ့သည်။ ရုရှားနှင့်တူရကီတို့က ဒေသအချို့တွင် အကျိုးစီးပွားများရှိနေသည်။ နှစ်နိုင်ငံစလုံးက ဆီးရီးယားနှင့် လစ်ဗျား၌ ဖြစ်ပွားနေသော ပြည်တွင်းစစ်များအတွင်း မတူညီသောတပ်ဖွဲ့များကို ပံ့ပိုးပေးနေသည်။
ဆီးရီးယားအရေးနှင့်ပတ်သက်၍ ခေါင်းဆောင်နှစ်ဦးက အကြမ်းဖက်မှုဝါဒ အမျိုးမျိုးကို တိုက်ဖျက်သွားမည့် စိတ်ပိုင်းဖြတ်မှုကိုလည်း ပြောကြားခဲ့ပြီး ဆီးရီးယားပြည်သူများသို့ လူသားချင်း စာနာထောက်ထားမှုအကူအညီ တိုးမြှင့်ပေးရန်လိုအပ်ချက်ကို အလေးထားပြောကြားခဲ့သည်။ လစ်ဗျားနိုင်ငံအရှေ့ပိုင်းတွင် ဗိုလ်ချုပ်ကြီး ခါလီဖာ ဟတ်ဖ်တာဦးဆောင်သော တပ်ဖွဲ့များနှင့် အနောက်ပိုင်းတွင် ဝန်ကြီးချုပ် ဖာယက်ဇ်အယ်လ်ဆာရတ်ဂျ် ဦးဆောင်သည့် ယာယီအစိုးရတို့ကြား တိုက်ခိုက်မှုကိုလည်း ပူတင်နှင့် အာဒိုဂန်တို့က ဆွေးနွေးခဲ့သည်။ ဇန်နဝါရီ ၁၂ ရက် သန်းခေါင်ယံအချိန်တွင် စစ်မက်ဖြစ်ပွားမှုများ ရပ်တန့်ရန်နှင့် တာရှည်ခံသော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးတစ်ရပ် ကြေညာရန် လစ်ဗျားနိုင်ငံရှိ အဖွဲ့အစည်းအားလုံးကို ၎င်းတို့က တောင်းဆိုခဲ့သည်။
အမေရိကန်ဆန့်ကျင်ရေး သဘောထားကြီးမားလာနေသည့် ဒေသတွင်း၌ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းခြင်းအားဖြင့် ရုရှားနှင့်တူရကီတို့က တပ်ဖွဲ့များ ဖြန့်ကြက်မှု တိုးမြှင့်ရန် ရည်ရွယ်လျက်ရှိသည်။
ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - ကျော်ထိုက်စိုး


