mdn

ကိုရင်သြ - ရေးသားသည်

 

တိုကျို ၂၀၂၀ အိုလံပစ်အားကစားပွဲတော်ကြီးအတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ်ပြင်ဆင်မှုများ ပြုလုပ်နေသော ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ခြိမ်းခြောက်မှုကြောင့် နိုင်ငံတကာအားကစားပြိုင်ပွဲကြီးကို အချိန်ဇယား သတ်မှတ်ထားသည့်အတိုင်း ကျင်းပနိုင်ပါမည်လောဟု စိုးရိမ်ပူပန်မှုများ ပေါ်ထွက်လာနေသည်ဆိုသော သတင်း တစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ ကမ္ဘာ့အကြီးကျယ်ဆုံးသော အားကစားပွဲတော်ကြီးကို ခြိမ်းခြောက်နေသည့် အခြင်းအရာများကို စေ့ငုလေ့လာမိလေ၏။

 

“တိုကျို နွေရာသီအိုလံပစ်အားကစားပွဲတော်ကြီး” အတွက် တည်ဆောက်ရန်စီစဉ်ခဲ့ကြသော အားကစား ပြိုင်ပွဲရုံသစ် ရှစ်ခုအနက် နောက်ဆုံးတည်ဆောက်ခဲ့သော ရေကူးနှင့်ဒိုင်ဗင်အားကစားပြိုင်ပွဲရုံကြီး၏တည်ဆောက် ရေးလုပ်ငန်းများ ဖေဖော်ဝါရီလတွင် အပြီးသတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အားကစားပွဲတော်ကျင်းပရေးကော်မတီက မတ်လ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့၏။

 

အစွမ်းကုန်ကြိုးပမ်း

 

“အားကစားသမားများ၏ ကျေးရွာ” အပါအဝင် အားကစားပြိုင်ပွဲရုံသစ်များကို အချိန်နှင့်တစ်ပြေးညီ တည်ဆောက်ရေးလုပ်ငန်းပြီးစီးစေရန် ပွဲတော်ကျင်းပရေး ကော်မတီက အစွမ်းကုန်ကြိုးပမ်းခဲ့သည်ဆို၏။ ၂၀၂၀ အိုလံပစ်အားကစားပွဲတော်ကို ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၉ ရက်အထိ သိုက်သိုက်ဝန်းဝန်းရွှန်းရွှန်း ဝေဝေ ကျင်းပရန်စီစဉ်ထားသည်။ အားကစားပွဲတော်၏ ဖွင့်ပွဲအခမ်းအနားကို လက်ခံကျင်းပမည့် အမျိုးသား အားကစားပြိုင်ပွဲရုံကြီးမှာလည်း အစီအစဉ်သတ်မှတ်ထား ချက်ထက် ပိုမိုစော၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးခြင်းနှင့်အတူ ကြွားကြွားဝင့်ဝင့် စွင့်စွင့် ပေါ်ထွန်းနေလေပြီ။

 

တိုကျိုအိုလံပစ်အားကစားပွဲတော်ကြီးကို စုစုပေါင်း ၄၃ နေရာတွင် ကျင်းပရန်စီစဉ်ထားသည်။ ကျင်းပမည့် နေရာများအနက် ၂၅ နေရာမှာ တည်ရှိဆဲပြိုင်ပွဲ အဆောက်အဦများကို မွမ်းမံပြင်ဆင်ထားသော နေရာ များဖြစ်ကြပြီး ၁၀ နေရာမှာမူ ယာယီဖွင့်လှစ်ထားမည့် ပြိုင်ပွဲအဆောက်အဦများဖြစ်ကြသည်။

 

“အရေးကောင်း ဒိန်းဒေါင်းဖျက်” ဟူဘိသို့ပင် တခမ်းတစ်နား တစ်သိုက်တစ်ဝန်း ကျင်းပရန် စီစဉ်ထား သော အိုလံပစ်အားကစားပွဲတော်ကြီးကျင်းပရေးမှာ ယခု အခါ “ကိုရိုနာဗိုင်းရပ်စ်” တည်းဟူသော ဘေးဥပဒ္ဒဝေါ ကြောင့် အနှောင့်အယှက် အတားအဆီးများနှင့် တွေ့ကြုံ နေရလေပြီ။

 

စိုးရိမ်ပူပန်

 

အိုလံပစ်အားကစားပွဲတော်ကြီးကို အစီအစဉ် သတ်မှတ်ထားသည့်အတိုင်း ကျင်းပသွားမည်ဟု မကြာသေးမီရက်များအတွင်း အစိုးရအဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။ သို့ရာတွင် ကျန်းမာရေးအရ လုံခြုံစိတ်ချ ရမှု ရတက်မအေးဖြစ်နေကြရသဖြင့် ယင်းပွဲတော်ကြီးကို ရက်ရွှေ့ဆိုင်းကာ ကျင်းပရမည့်အခြေအနေသို့ ရောက်ရှိ နေပြီဟု စိုးရိမ်ပူပန်မှုများ တိုးပွားလာနေကြသည်။

 

လူတစ်ဦးထံမှ တခြားတစ်ဦးထံသို့ ကူးစက်နိုင် စွမ်းရှိသော “ကိုရိုနာဗိုင်းရပ်စ်” ဦးသည် လွန်ခဲ့သည့်နှစ် နှောင်းပိုင်းတွင် တရုတ်နိုင်ငံ ဝူဟန်မြို့၌ စတင် ခေါင်းထောင်ခဲ့ပြီးနောက် မကြာမြင့်သောကာလအတွင်း မှာပင် ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ကျော်အထိ ကူးစက်ပျံ့နှံ့ သွားခဲ့သည်။ ယခုအခါ ယင်းဗိုင်းရပ်စ်ပိုးကို လူပေါင်း တစ်သိန်းကျော်တွင် တွေ့ရှိထားပြီး လူပေါင်း ၃၀၀၀ ကျော်မှာ အသက်ဇီဝိန်ချုပ်ငြိမ်းခဲ့ရသည်။ ဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံးရသူအများစုမှာ တရုတ်နိုင်ငံမှဖြစ်ကြသည်။

 

ဂျပန်နိုင်ငံတွင် “ကိုရိုနာဗိုင်းရပ်စ်” ကူးစက်ခံထား ရသူပေါင်း ၁၀၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း အစိုးရက မကြာသေးမီရက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ရောဂါပိုးကူးစက်ခံထားရသူအများစုမှာ သီးသန့်ခွဲထုတ် ထားခြင်းခံရသော “စိန်မင်းသမီး”အမည်ရှိ အပျော်စီး သင်္ဘောကြီးနှင့်အတူ လိုက်ပါခရီးနှင်ခဲ့ကြသူများ ဖြစ်သည်။ ဂျပန်နိုင်ငံတွင် “ကိုရိုနာဗိုင်းရပ်စ်” ရောဂါဖြင့် လူ ၁၂ ဦး သေဆုံးခဲ့ရပြီဖြစ်သည်။

 

“ကိုရိုနာဗိုင်းရပ်စ်” ပိုးကို ထိန်းချုပ်နိုင်ရန် လူစု လူဝေးမပြုလုပ်ကြရန် ဗျူဟာခင်းကျင်းထားချိန်တွင် အိုလံပစ်အားကစားပွဲတော်ကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသွားရန် သင့်၊ မသင့် ချိန်ဆစရာဖြစ်လာ ရသည်။ မည်သို့ပင်ဆိုစေ ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးသော အားကစားပွဲတော်ကြီးကို ရွှေ့ဆိုင်းလိုက်ရခြင်း (သို့မဟုတ်) ဖျက်သိမ်းလိုက်ရခြင်းမှာ ယခင်က အစဉ်အလာ မရှိခဲ့ပေ။ ကမ္ဘာနှင့်ချီ၍ စစ်မက်ဖြစ်ပွားခြင်းမရှိသော ကာလ(ငြိမ်းချမ်းသောကာလ)အတွင်း နိုင်ငံတကာ အားကစားပွဲတော်ကြီးများကို ဖျက်သိမ်းလိုက်ရသည့် အစဉ် အလာမျိုး ကမ္ဘာ့လူသားတို့ တွေ့ကြုံခဲ့ရခြင်း မရှိချေ။

 

ဂျပန်နိုင်ငံတွင် “ကိုရိုနာဗိုင်းရပ်စ်” ခြိမ်းခြောက်မှု ကြောင့် အိုလံပစ်ပွဲတော်ကြီးတွင် လုပ်အားပေးများအဖြစ် ပါဝင်ဆောင်ရွက်မည့်သူများအတွက် ဖွင့်လှစ်ပေးရန် စီစဉ်ခဲ့သော လေ့ကျင့်သင်တန်းအစီအစဉ်ကို ဆိုင်းငံ့ထားရန် လွန်ခဲ့သည့် ရက်သတ္တပတ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ သို့ရာတွင် အိုလံပစ်အားကစားပွဲတော်ကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို အဆုံးသတ်မည်မဟုတ်ဟု  ဆိုသည်။

 

ရိုးရာအကပဒေသာ

 

အိုလံပစ်အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ကနဦးအနေဖြင့် “အိုင်” တိုင်းရင်းသားများ၏ ရိုးရာအက ပဒေသာဖြင့် ဖျော်ဖြေတင်ဆက်ရန် စီစဉ်ထားခဲ့သော်လည်းယင်းအစီအစဉ်ကို ပြန်လည်ဖျက်သိမ်းခဲ့သည်ဟု အားကစား ပွဲတော်ကျင်းပရေးကော်မတီက ပြောကြားခဲ့သည်။

 

ဂျပန်နိုင်ငံတွင် “ကိုရိုနာဗိုင်းရပ်စ်”ပိုး၏ ခြိမ်းခြောက်မှု ကြောင့် တိုကျိုမာရသွန်အပြေးပြိုင်ပွဲကြီးကို မတ် ၁ ရက် တွင် အကန့်အသတ်ပြု၍သာ ကျင်းပနိုင်ခဲ့သည်။ ပုံမှန် အားဖြင့် တိုကျိုမာရသွန်ပြိုင်ပွဲကြီးတွင် ကမ္ဘာတစ်ဝန်းမှ ပါဝင်ယှဉ်ပြိုင်သူပေါင်း ၃၈၀၀၀ ခန့်ရှိခဲ့သော်လည်း ယခုနှစ်တွင်မူ အပြေးသမား ၂၀၀ ခန့်သာ ပါဝင် ယှဉ်ပြိုင်နိုင်ခဲ့ကြသည်။ မာရသွန်ပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင်သူဦးရေ အလွန်အမင်းနည်းပါးသွားသည့်အပြင် ပြေးလမ်း တစ်လျှောက်ကြည့်ရှု အားပေးသူ ပရိသတ်ဦးရေမှာလည်း အလွန့်အလွန် ကျဆင်းသွားခဲ့ရသည်။ တစ်နည်းဆိုသော် အားပေးမည့်သူမရှိသည့် လမ်းများတစ်လျှောက် မာရသွန်အပြေးသမားများပြေးခဲ့ရသည့် ပွဲတစ်ပွဲဖြစ်ခဲ့သည်။ “ကိုရိုနာဗိုင်းရပ်စ်ပိုးဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ပြေးလမ်းတစ်လျှောက် တစုတဝေး အားပေးကြည့်ရှုခြင်း မပြုကြဘဲ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှတစ်ဆင့် အားပေးကြည့်ရှုကြရန် ပွဲစီစဉ်သူများက ပြည်သူလူထုအား တိုက်တွန်းခဲ့လေသည်။

 

ဂျပန်နိုင်ငံတွင် “ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုကို ထိန်းချုပ်နိုင်စေရန် “ဂျေ-လိဂ်” ဆု ကြေးစားဘောလုံး အားကစားပြိုင်ပွဲကိုလည်း ဆိုင်းငံ့ထားခဲ့ရသည်။ အားကစားပြိုင်ပွဲအရပ်ရပ်ကို ကျင်းပခြင်းမှဆိုင်းငံ့ထားရန် ညွှန်ကြားချက်ပေါ်ထွက်ခဲ့ပြီး စာသင်ကျောင်းများကိုလည်း ပိတ်ထားရခြင်းဖြစ်သည်။

 

လာမည့်လတွင် တိုကျိုမြို့၌ ကျင်းပရန် စီစဉ်ထားသော အာရှရတ်ဘီ ဘောလုံးအားကစားပြိုင်ပွဲကိုလည်း မတ် ၄ ရက်တွင် ပြန်လည်ဖျက်သိမ်းခဲ့သည်။ ရတ်ဘီပြိုင်ပွဲသည် အိုလံပစ်ပွဲတော်အကြို ကျင်းပလေ့ရှိသည့် လက်ရည်စမ်းပွဲ တစ်ခုဖြစ်သည်။

 

၂၀၂၀ အိုလံပစ်အားကစားပွဲတော်ကျင်းပရေးကို ခြိမ်းခြောက်လာသော “ကိုရိုနာဗိုင်းရပ်စ်” ဘေးအန္တရာယ် အတွက် နှလုံးမသာမယာဖြစ်နေရချိန်တွင် တိုကျိုအိုလံပစ် ပွဲတော်ကို ယခုနှစ်နှောင်းပိုင်းအထိ ရက်ရွှေ့ဆိုင်းရဖွယ် ရှိသည်ဟု ဂျပန်နိုင်ငံ၏ အိုလံပစ်အားကစားရေးရာဝန်ကြီး ဆကိုဟာရှိမိုတိုက မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။

 

မျှော်လင့်

 

သို့ရာတွင် နိုင်ငံတကာအိုလံပစ်ကော်မတီ (အိုင်အိုစီ) ကမူ အိုလံပစ်အားကစားပွဲတော်ကို အစီအစဉ်အတိုင်း အောင်မြင်ချောမွေ့စွာကျင်းပနိုင်မည်ဟု မျှော်လင့်ထားဆဲ ဖြစ်သည်။

 

နိုင်ငံတကာအိုလံပစ်ကော်မတီသည် မတ် ၄ ရက်က ပြင်သစ်နိုင်ငံ လော့ဆိန်းမြို့တွင် အမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးကျင်းပခဲ့ရာတွင် တိုကျိုအိုလံပစ်အားကစား ပွဲတော်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ အိုင်အိုစီ သည် အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်အံ့သော အခြေအနေများနှင့်ပတ်သက်၍ ထင်ကြေးပေး ပြောဆိုနိုင်ခြင်းမရှိကြောင်း၊ အမှုဆောင်ဘုတ်အဖွဲ့အစည်းအဝေးတွင် အိုလံပစ် အားကစားပွဲတော် ဖျက်သိမ်းရေး (သို့မဟုတ်) ရက်ရွှေ့ဆိုင်း ရေးအသုံးအနှုန်း ပါဝင်ခြင်းမရှိပါကြောင်း အိုင်အိုစီဥက္ကဌ သောမတ်စ်ဘက်ချ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

အိုလံပစ်အားကစားပွဲတော် ဖျက်သိမ်းရန် သင့်၊ မသင့်  အိုင်အိုစီက ဆုံးဖြတ်ခွင့်ရှိသော်လည်း မိမိတို့အဖွဲ့ အစည်း သည် တိုကျိုအိုလံပစ်အားကစားပွဲတော်ကြီးကို အောင်မြင်စွာ ကျင်းပနိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည်ပါ ကြောင်း ဘတ်ချ်က မတ် ၃ ရက်တွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

“ကိုရိုနာဗိုင်းရပ်စ်” ကူးစက်မှုအခြေအနေနှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်နေသော အထူးလုပ်ငန်း  အဖွဲ့က ပုံမှန်အစည်းအဝေးများ ကျင်းပသွားမည်ဖြစ် ကြောင်း၊ ထိုစဉ်အတွင်း အိုင်အိုစီရော ဂျပန်အိုလံပစ် ကော်မတီပါ ပွဲတော်ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်ဖွယ် အရပ်ရပ်ကို ဆက်လက်လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း  ဘတ်သ်က ပြောကြားသည်။

 

စိန်ခေါ်မှုများ

 

မိမိတို့သည် စိန်ခေါ်မှုများကိုရင်ဆိုင်ကြုံတွေ့နေကြရသော်လည်း အားကစားပွဲတော်ကိုအကြောင်းပြု၍ ကမ္ဘာ့နိုင်ငံများ သွေးစည်းညီညွတ်မှုကို ပြသနိုင်မည့် ပွဲတော်အတွက် ဆက်လက်၍ ကြိုးပမ်းလုပ်ကိုင်သွားမည်သာ ဖြစ်ကြောင်း သူက ဆိုသည်။

 

“ကိုရိုနာဗိုင်းရပ်စ်” အန္တရာယ်ကို ဂျပန်အစိုးရ တာဝန်ရှိသူများက စိုးရိမ်ပူပန်စိတ်ဖြင့် ရှုမြင်နေကြသည့် တိုင်အောင် အိုလံပစ်ပွဲတော်ကျင်းပရေးမှူးများမှာမူ အစီအစဉ်အတိုင်း အားကစားပွဲတော်ကျင်းပနိုင်ရေးကို အလေးပေးနေကြဆဲဖြစ်သည်။

 

အိုင်အိုစီအမှုဆောင်ဘုတ်အဖွဲ့ အစည်းအဝေးတွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပါဝင်ဆွေးနွေးခဲ့သူမှာ တိုကျို အိုလံပစ်အားကစားပွဲတော်ကျင်းပရေး ကော်မတီ အကြီးအကဲ ယူရှီရိုမိုရီ ဖြစ်သည်။ သူသည် ၂၀၀၀ ပြည့်နှစ် ဧပြီလမှ ၂၀၀၁ ခုနှစ် ဧပြီလအထိ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သော နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။

 

“ကိုရိုနာဗိုင်းရပ်စ်” ထိန်းချုပ်နိုင်ရေးအတွက် ဂျပန် နိုင်ငံတွင် ချမှတ်လုပ်ဆောင်လျက်ရှိသော အစီအမံများနှင့် ပတ်သက်၍ မိမိရှင်းလင်းပြောဆိုခဲ့ကြောင်း၊ အစီအစဉ် အတိုင်း အားကစားပွဲတော်ကြီးကျင်းပနိုင်လိမ့်မည်ဟု မိမိတို့၏ယုံကြည်ချက်ကို အလေးပေးပြောဆိုခဲ့ကြောင်း၊ ဘုတ်အဖွဲ့ အစည်းအဝေး တက်ရောက်လာကြသူ အားလုံး က အစီအစဉ်အတိုင်း အားကစားပွဲတော်ကျင်းပရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း မိုရီက သတင်းထောက် များအား ပြောကြားခဲ့သည်။

 

အိုလံပစ်အားကစားပွဲတော်ကြီးကို ယခုနှစ်ကုန် အထိ ရက်ရွှေ့ဆိုင်းသင့်သည်ဟု ဂျပန်အိုလံပစ်ရေးရာ ဝန်ကြီး ဟာရှီမိုတိုက အမတ်တစ်ဦးကို ပြောကြားခဲ့သည် ဟု မိမိသိရှိရကြောင်း၊ ဟာရှီမိုတိုသည် မတ် ၄ ရက်က မိမိထံသို့ ဖုန်းဆက်သွယ်ခဲ့ကြောင်း၊ အိုလံပစ်ပွဲတော် ရက်ရွှေ့ဆိုင်းသင့်သည်ဆိုသော အယူအဆမှာ ဟာရှီမိုတို၏ ကိုယ်ပိုင် အမြင်သာဖြစ်ကြောင်း မိုရီက ပြောကြားသည်။

 

အိမ်ရှင်အဖြစ် ရွေးချယ်

 

မည်သို့ပင်ဆိုစေ ၂၀၂၀နွေရာသီအိုလံပစ်အားကစားပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အနှစ်နှစ် အလလ ကြိုးပမ်းအားထုတ်ခဲ့ရသည်မှာကား ထင်ရှားလှသည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၇ရက်တွင် အာဂျင်တီးနား နိုင်ငံ ဗျူနိုအေရီမြို့၌ပြုလုပ်သော အိုင်အိုစီ၏ (၁၂၅) ကြိမ် မြောက်အစည်းအဝေးတွင် အိုလံပစ်အားကစားပွဲတော်ကြီး အတွက် မြို့တော်တိုကျို ကို အိမ်ရှင်အဖြစ်ရွေးချယ်ခဲ့သည်။ ဂျပန်နိုင်ငံ၊ အထူးအားဖြင့် မြို့တော်တိုကျိုသည် နွေရာသီအိုလံပစ်အားကစားပွဲတော်ကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခွင့်ရရှိခြင်းမှာ ဒုတိယအကြိမ် ဖြစ်သည်။

 

ပထမအကြိမ် အိုလံပစ်အားကစားပွဲတော်ကို ၁၉၆၄ ခုနှစ်တွင် ကျင်းပနိုင်ခဲ့သည်။ နွေရာသီအိုလံပစ်အားကစား ပွဲတော်ကို နှစ်ကြိမ်တိုင်တိုင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခွင့်ရရှိသော မြို့တော်မှာ အာရှတစ်ဝန်း တိုကျိုဖြစ်လာ ခဲ့သည်။ ဂျပန်နိုင်ငံ ဆက်ပိုရိုမြို့တွင် ၁၉၇၂ ခုနှစ်က ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော်ကို လည်းကောင်း၊ နာဂါနိုမြို့တွင် ၁၉၉၈ ခုနှစ်က ဆောင်းရာသီ အိုလံပစ် ပွဲတော်ကိုလည်းကောင်း ကျင်းပခဲ့သေးရာ ဂျပန်နိုင်ငံ အနေဖြင့် အိုလံပစ်အားကစားပွဲတော်ကို စတုတ္ထအကြိမ် ကျင်းပခွင့်ရရှိခြင်းဖြစ်သည်။

 

မည်သို့ပင်ဆိုစေ နိုင်ငံတကာမှ ပါဝင်ယှဉ်ပြိုင်သည့် ကမ္ဘာချီအားကစားပွဲတော်ကြီးသည် ကမ္ဘာ့နိုင်ငံများ၏ သွေးစည်းချစ်ကြည်မှုကို အပေါ်လွင်ဆုံးပြသနိုင်သည့် အားကစားပွဲတော်ဖြစ်သည်။ ဂရိလူမျိုးတို့မှ အစတည်၍ အိုလံပစ်ပွဲတော်စတင်ခဲ့ပြီးနောက် နိုင်ငံတကာမှ ပါဝင် ယှဉ်ပြိုင်နိုင်သည့် ခေတ်ပေါ်အိုလံပစ်အားကစားပွဲတော် ကြီးကို ၁၈၉၆ ခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပနိုင် ခဲ့ပေရာ အိုလံပစ်ပွဲတော်သက်တမ်းမှာ နှစ်ပေါင်း ၁၂၄ နှစ်ရှိခဲ့ပေပြီ။

 

ဤရွေ့ဤမျှ ကာလသမနိ ရှည်ကြာခဲ့သော အားကစားပွဲတော်ကြီးသည် ကမ္ဘာ့အလယ် ဝင့်ထည်လှ သည့် ပွဲတော်ကြီးအဖြစ် ကမ္ဘာ့နိုင်ငံများ၏ သွေးစည်း ညီညွတ်မှုကိုပြသနိုင်ရန် ဟန်ရေးပြနေချိန်တွင် “ကိုရိုနာ ဗိုင်းရပ်စ်” ကြောင့် ပွဲမပျက်စေဖို့ ကမ္ဘာ့နိုင်ငံတိုင်းက ဆုတောင်းအခါခါပြုနေကြပုံကို တွေးတောမိရင်း “အရေးကောင်း ဒိန်းဒေါင်းဖျက် ”ဟု ကျွန်ုပ် ကျူးရင့်မိပါ သတည်း။