အရေးကြီးတဲ့ သိစရာအချက်

ဗညားကျန်းထော

ဒီလိုဗျ။ အသက်နည်းနည်းကြီးလာတော့ ရပ်ကွက်ထဲမှာ ဘာသာရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ရပ်ရေးရွာရေးတွေ တိုင်ပင်ညှိနှိုင်းဆွေးနွေးကြတဲ့အခါ အသက်ကြီးတဲ့ အဘိုးအိုတစ်ယောက်အနေနဲ့ ပြောစရာရှိပြောပါ၊ အကြံပေးစရာရှိပေးပါဆိုပြီး လာခေါ်လေ့ရှိပါတယ်။ အချိန်အားရင်သွားပါတယ်။ ကိုယ့်အလုပ်နဲ့ကိုယ် လုပ်စရာကိုင်စရာတွေရှိနေရင်လည်း မသွားတဲ့အခါ မသွားပါဘူး။ ဖတ်ချင်တာတွေက များနေတုန်းပဲ။

သွားတဲ့အခါလည်း စကားဝိုင်းထဲမှာ ဝင်မပြောဖြစ်ပါဘူး။ ကြားရသိရအောင် ထိုင်နားထောင်ပြီး ပြန်ခဲ့တာပါပဲ။ နားကနှစ်ပေါက်ပါပေမယ့် လျှာက တစ်ခုပဲပါလေတော့ ချွေတာရတာပေါ့။ နေရာတကာ ပါလေရာလုပ်လို့လည်း မသင့်ဘူးမဟုတ်လား။ ကိုယ့်အလုပ်မဟုတ်တာတွေ၊ ကိုယ်မသိတာ၊ နားမလည်တာတွေက အများသားပဲ။ မသိတာ၊ မပိုင်တာ၊ မဆိုင်တာဆို ဝေးဝေးနေတာပဲ ကောင်းတယ်လေ။ 
ပြောဖို့ရာ အခြေအနေပေးလာတယ်။ အချိန်အခါလည်းသင့်တယ်။ တက်ရောက်လာကြသူတွေက လိုလိုချင်ချင် လိုလိုလားလားနဲ့ လေးလေးစားစား နားထောင်ချင်လို့ပါ တောင်းဆိုတာမျိုးဆိုရင်တော့ ပြောပါတယ်။ တိုတိုပြောသင့်တယ်ထင်ရင် တိုတိုပေါ့။ ရှည်ရှည်ပြောမှ သင့်မယ်ထင်ရင်လည်း သာဓက ယုတ္တိ၊ သဘာဝယုတ္တိ၊ ဇာတ်ကြောင်း ဇာတ်လမ်းရသ ပါတာလေးပါထည့်ပြီး ပရိသတ်ရင်ထဲရောက်အောင် ပြောလိုက်ရတာပေါ့။ နားထောင်ချင်သူ ကျေနပ်ပါ စေတော့။ 

လေးချက်ကို အကဲခတ်ပြီးမှ ဆီလျော်သင့်တော်အောင်ပြောရ
စကားပြောတာပဲ ဖြစ်ဖြစ်၊ စာရေးတာပဲဖြစ်ဖြစ် အတိုအရှည်၊ အလေးအပေါ့၊ အစိပ်အကျဲ၊ အကြောင်းအရာနဲ့ ရည်ရွယ်ချက်၊ အချက်အလက် ထည့်သွင်းပုံ ဆိုတာတွေက ရတဲ့အချိန်ရယ်၊ အခြေအနေရယ်၊ ပရိသတ်ရယ်၊ ပရိသတ်ရဲ့ နားထောင်လိုစိတ်ရယ်၊ ဒီလေးချက်ကို အကဲခတ်ပြီးမှ ဆီလျော်သင့်တော် အောင်ပြောရတာမျိုး။ ရေးရတာမျိုး။ ကိုယ့်စိတ်ထဲ ရှိရာ၊ ထင်တာတွေ စွတ်ပြောလို့မရဘူး။ 

ဒီလူတွေကိုပဲ အရင်ကပြောခဲ့ဖူးပြီးသား အကြောင်းအရာ၊ ရည်ရွယ်ချက်၊ အချက်အလက်ရှိခဲ့ တယ်ဆိုပြန်ရင် မထပ်အောင်ရှောင်ရပါသေးတယ်။ သိပြီးသားတွေပဲ မိမိကထပ်ကာထပ်ကာ ပြောနေလို့ မဖြစ်ပါဘူးလေ။ အပြောင်းအလဲ အသစ်အဆန်း အခြားအကြောင်းအရာပြောင်းပြီး ပြောမှသင့်မှာပေါ့။ ဒီလိုတော့ ရှိပါတယ်။ 

“သမ္မပ္ပဓာန်တရား လေးပါး” ဆိုတာကိုတော့ တစ်ကြိမ်တစ်ခါပြောဖူးပေမယ့် ထပ်ပြောပါဦး တောင်းဆိုဖူးကြလို့ မှတ်မှတ်ရရ နှစ်ကြိမ်၊ သုံးကြိမ် ပြောပြရဖူးပါတယ်။ ဒါဟာ “ကောင်းစွာအားထုတ်ခြင်း ဝီရိယလေးပါး”ပါ။ ပါဠိလို ဥပ္ပန္နပါပက အနူပ္ပါ ဒါယဝါယမ အစရှိတဲ့ ပါဠိဝေါဟာရတွေကိုတော့ မိမိကစာရွက်သေးသေးလေးနဲ့ မှတ်လာခဲ့ပေမယ့် လူအများကို ပြောရာမှာတော့ ထည့်မပြောတော့ပါ။ နားရှင်းအောင် နားလည်လွယ်အောင် မြန်မာလိုအနက်ကိုသာ ပြောလေ့ရှိပါတယ်။ သမ္မပ္ပဓာန်လေးပါးဆိုတာ- 

၁။ မဖြစ်သေးတဲ့ မကောင်းမှုကိုမပြုမိအောင် ကြိုးစားရှောင်ခြင်း
 
၂။ ပြုဖူးခဲ့တဲ့မကောင်းမှုမျိုးကို (ပြန်သတိရ မနေဘဲ)တစ်ခါတည်း စွန့်ပစ်ထားခြင်း၊ ထပ်မပြုမိဖို့ သတိထားရှောင်ခြင်း 

၃။ မပြုဖူးသေးတဲ့ ကုသိုလ်တရားတွေကို ပြုဖြစ်အောင် ကြိုးစားအားစိုက်ခြင်း 

၄။ ပြုဖူးခဲ့တဲ့ ကုသိုလ်အစုစုကိုလည်း အဖန်ဖန် အထပ်ထပ် အောက်မေ့ပွားများသတိရ အောင် အားထုတ်ခြင်း။ 

ဒီလေးချက်ကို လူတိုင်းမသိပါ။ ကြားဖူးသူတွေက အခြားလူတွေပါ ကြားသိစေချင်လို့ထပ်ပြော ပြပေးပါဦး၊ ရှင်းပြပါဦး မေတ္တာရပ်ခံလေ့ရှိကြတယ်။ ဒါကတော့ ဓမ္မာရုံလိုနေရာမျိုးမှာ အသက်အရွယ် ကြီးရင့်ကြတဲ့ ပရိသတ်ကို ပြောလေ့ရှိတဲ့ စကားမျိုး နမူနာ ပြောပြတာပါ။ နေရာတိုင်းမှာ ပြောလို့မရပေ။ 

လူငယ်လူရွယ်တွေများတဲ့ အစုအဝေးမှာ စကားပြောဖို့ ကြုံလာရင်တော့ သမ္ပဒါတရား ငါးပါး၊ သီလအကျင့် ပြည့်စုံခြင်းအားဖြင့် ရတဲ့ကောင်းကျိုးတရား ငါးပါးတို့ကို ဆွေးနွေးပြောပြလေ့ရှိပါတယ်။ အကြောင်းတိုက်ဆိုင်ရင် မေးမြန်းလာရင် သင်္ဂဟ တရား လေးပါးဆိုတာလည်း ဖြေရဖူးပါတယ်။ မှတ်မိလို့ ပြောတာပါ။ 

“သမ္ပဒါတရား ငါးပါး” ဆိုတာက- 

၁။ ဉာတိသမ္ပဒါ    -    ဆွေမျိုးတို့နဲ့ပြည့်စုံခြင်း 

၂။ ဘောဂသမ္ပဒါ    -    စည်းစိမ်ဥစ္စာနဲ့ ပြည့်စုံခြင်း 

၃။    အရောဂျသမ္ပဒါ    -    အနာရောဂါကင်း၊ ကျန်းမာခြင်း 

၄။    ဒိဋ္ဌိသမ္ပဒါ    -    အယူဘာသာ မှန်ကန်ခြင်းနဲ့ 

၅။    သီလသမ္ပဒါ    -    အကျင့်သီလနဲ့ပြည့်စုံခြင်းတို့ပါပဲ။

 သီလနဲ့ပြည့်စုံရင် ဘာဖြစ်မလဲ မေးသူကမေးတယ် သီလကိုယ်ကျင့်တရားသာ တကယ်ဖြူစင် ကောင်းမွန်စွာစောင့်ထိန်းသူဖြစ်ပါစေ၊ လူတွေ၊ နတ်တွေက ကြည်ညိုလေးစားချစ်ခင်ကြလို့ ကြီးပွားချမ်းသာ လိုအင်ဆန္ဒပြည့်ဝကြတာ သာဓကပြစရာတွေ အများကြီးပေါ့။ အခုကာလကော၊ ရှေးသရော အခါတွေမှာကော ရှိကြတာပေါ့။ 

“သီလစောင့်ငြား အကျိုးငါးပါး၊ ဘုရားဟော တော်မူ”ဆိုတဲ့ စကားရှိတယ်လေ။ မဟာပရိနိဗ္ဗာန သုတ်မှာ သီလရှိသူတို့ ခံစားရတဲ့ ကောင်းကျိုးငါးမျိုးကို ဟောခဲ့တယ်။ 

၁။     များစွာသော စည်းစိမ်တို့ကို ရရှိတယ်။ 

၂။    ကောင်းသောသတင်း ကျော်စောခြင်း ဂုဏ်ကိုရတယ်။ အရပ်ရှစ်မျက်နှာကို ပန်းသတင်းကဲ့သို့ မွှေးရနံ့ပျံ့တယ်။ 

၃။     ပရိသတ်အလယ်မှာ ရဲရင့်ရွှင်လန်းစွာနေရတယ်။
 
၄။     မတွေဝေ မမေ့မောဘဲ သေရတယ်။ 

၅။    သေပြီးနောက် နတ်ပြည်နတ်ရွာ ရောက်ရ လားရတယ်။ 

ဒါတွေဟာ လူငယ်တွေထဲ သိသူလည်းရှိ၊ မသိသူလည်းရှိတော့ မေးလာရင်ပြောပြရတာပေါ့။ 

ဟိုတစ်လောက အောင်မြင်ကြီးပွားရေးတွေ ဟောပြောနေတဲ့ ဘရိုင်ယန်ထရေစီ ဟောပြောနေတာ တစ်ပုဒ် ကောက်နုတ်ချက်ကို ဖုန်းထဲကတစ်ဆင့် နားထောင်လိုက်ရပါတယ်။ အတိုကောက်အနေနဲ့ အောင်မြင်မှုလမ်းစကို ‘ဒီ’သုံးလုံးလိုအပ်တယ်လို့ ရှင်းပြပါတယ်။
 
၁။     Desire ဆန္ဒ၊ တောင့်တာမှု၊ အာသီသ 

၂။     Decision အဆုံးအဖြတ်၊ ပြတ်သားမှု 

၃။     Determination သန္နိဋ္ဌာန်၊ စိတ်ဓာတ် ကြံ့ခိုင်မှု 

ဟောပြောချက်ထုတ်လွှင့်တာက ကောက်နုတ်ချက်မျှသာဖြစ်တဲ့အတွက် ကျန်တဲ့အပိုင်းတွေ ကျန်ရှိနေသေးပုံတော့ ရပါတယ်။ မပြည့်စုံဘူး။ နားထောင်ရင်း ပါသင့်ပါထိုက်တဲ့ (မပါမဖြစ်) နောက် ‘ဒီ’တစ်လုံး ကျန်သေးတာကတော့ 

၄။ Direction ဦးတည်ချက်၊ ရည်မှန်းချက်။ 

ဘရိုင်ထရေစီလို အကြံပေးလမ်းညွှန်စကား ဟောပြောချက်တွေ နှစ်ပေါင်းများစွာ ရေးသား ဟောပြောပြီး ထင်ရှားအောင်မြင်ခဲ့တဲ့ပုဂ္ဂိုလ်ဟာ ဂေါတမဗုဒ္ဓ (ဘီစီ -၅၆၃- ၄၈၃) မြတ်စွာဘုရားရဲ့တရားဒေသနာတော်တွေကို သူနှစ်သက်သည် ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ လေ့လာမှတ်သား ခဲ့မှာတော့ သေချာပါတယ်။ သူရေးသားတဲ့အချက် အလက်တွေထဲမှာ မြတ်စွာဘုရားရဲ့ တရားဓမ္မနိယာမ၊ သဘောသဘာဝ၊ အဆုံးအမတွေ အများကြီးပါဝင်နေကြောင်း တွေ့ရပါတယ်။ သူတစ်ယောက်တည်းမှ မဟုတ်ပါဘူး။ စာရေးဆရာ၊ ဟောပြောသူ၊ အောင်မြင် ထင်ရှားခဲ့သူ ပညာရှင်တွေဟာ ဗုဒ္ဓဘာသာဝင် ဟုတ်ချင်မှဟုတ်မယ်ဆိုသော်လည်း အနောက်နိုင်ငံသားတွေဟာ တရုတ်နဲ့ အိန္ဒိယအပါအဝင် ကမ္ဘာ့အရှေ့ပိုင်းဒေသ ရှေးဟောင်းယဉ်ကျေးမှုအတွေး အခေါ်တွေကိုတော့ ပစ်ပယ်ရှောင်လွှဲလို့မရပါ။ 

တရားဓမ္မထဲက အကြောင်းအချက်တွေကို ဆွေးနွေးပြောပြတဲ့အခါ စာတော်တော်ဖတ်တဲ့ လူငယ်တွေတချို့က သူတို့ကအနောက်တိုင်း တက်ကျမ်းဆရာတွေ ဖော်ပြလေ့ရှိတဲ့အချက်တွေမှာလည်း ဒါတွေကို အဆီအနှစ်အဖြစ်ဗဟိုပြုပြီး အကျယ်ရေးသားထားကြကြောင်း ပြောကြပါတယ်။ အနောက်တိုင်းက စာဖတ်သူအတော်များများက စာဖတ်သက်ရင့်လာရင် ဗုဒ္ဓရဲ့ဓမ္မပဒကျမ်းစာအုပ်ကိုတော့ မဖြစ်မနေလေ့လာဖူးကြပါတယ်။ သဘောကျနှစ်သက်လေ့ရှိကြပါတယ်။ နားမဝေးကြပါဘူး။ နိုင်ငံခြားမှာဆုံတွေ့ရတဲ့ ပုဂ္ဂိုလ်တချို့နဲ့အကြောင်း အားလျော်စွာ ရောက်တက်ရာရာ ဆွေးနွေးပြောဆို ကြတဲ့အခါ ကျွန်တော်တို့ ပြောပြတဲ့ ဗုဒ္ဓဘာသာ တရားဓမ္မတွေထဲက အယူအဆတွေကို အံ့ဩလေးစား ကြပါတယ်။ 

ဥပမာ-နေ့လယ်စာစားပွဲ၊ ညစာစားပွဲစကား ဝိုင်းတွေမှာ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါး၊ လွတ်လွတ်လပ်လပ် စကားပြောဖြစ်ကြတဲ့အခါမျိုး ဆိုရင် သူတို့ပြောတာလည်း နားထောင်ရတာပေါ့။ ကိုယ်မသိတာတွေ သူတို့ပြောမှ သိရမြင်ရတာတွေ ရှိပါတယ်။ တရားဓမ္မ အဆုံးအမတွေနဲ့ (လောကီ ရေးရာ) မြတ်စွာဘုရားဆိုမိန့်တာတွေဟာ သဘောတူလက်သင့်ခံရမယ့်အချက်တွေလို့ သူတို့ကပြောကြပါတယ်။ 

ကျွန်တော်က အာဠာဝကသုတ်ထဲက အာဠာဝက ဘီလူးရဲ့ အမေးသုံးချက်အနက် အလျဉ်းသင့်ရာ သုံး၊ လေးချက်ကို ချပြဆွေးနွေးစေတာပေါ့။ ဆိုကြပါစို့။ ဥပမာ-လောကမှာသတ္တဝါတို့ရဲ့ အကောင်းဆုံးပစ္စည်းဟာ ဘာလဲဆိုတဲ့မေးခွန်းကို ဘုရားရှင်က သဒ္ဓါတရားလို့ တစ်ခွန်းတည်းဖြေခဲ့တာ မျိုး။ သဒ္ဓါ(ပါဠိ) က ယုံကြည်ခြင်း၊ တစ်ဦးတစ်ယောက် (စကားကို) အမှန်ဟုလက်ခံခြင်း။ စိတ်ချခြင်း၊ အားကိုးခြင်း။ ကြည်ညိုခြင်း။ အင်္ဂလိပ်လို Faith၊ Beliefi ၊ Hope ၊ Confidence ၊ Dependence၊ Expectation ၊ Reliance ၊ Trust စသဖြင့် နေရာအသုံးလိုက်လို့ ကွဲပြားတာတွေရှိတာပေါ့လေ။ 


“ယုံကြည်ခြင်း”ဟာ အကောင်းဆုံးပစ္စည်း ဖြစ်တယ်လို့ မြတ်စွာဘုရားရှင်ရဲ့ ဖြေကြားချက်ဟာ သေသေချာချာ ရှင်းပြလိုက်တဲ့အခါ သဘောပေါက် လက်ခံသွားကြပါတယ်။ ချက်ချင်းတော့ သူတို့ နားမရှင်းပါ။ တကယ်တော့ ယုံကြည်မှုဆိုတာ အားအကောင်းဆုံးပစ္စည်းပေါ့။ ယုံကြည်မှုကြောင့် စွန့်စားတယ်၊ ယုံကြည်ချက်အတွက် အနစ်နာခံ စွန့်လွှတ်တယ်။ သဒ္ဓါတရားအရင်းတည်ပြီး ဒါန၊ လှူဒါန်း၊ ပေးဝေ၊ စွန့်လွှတ်မှုတွေ ကြီးမားစွာပြုလုပ် နိုင်ကြတယ် မဟုတ်ပါလား။ ပေးကမ်းလှူဒါန်းတဲ့ ကောင်းမှုကုသိုလ် အကျိုးဆက်အနေနဲ့ ယခုဘဝ၊ နောင်ဘဝတွေမှာ ချမ်းသာကြွယ်ဝ၊ ပြည့်စုံကြတာ ပင်မအကြောင်းခံ သဒ္ဓါတရား ယုံကြည်မှုကြောင့်ပေါ့။ ယုံကြည်တော့ ပေးလှူတယ်၊ ပေးလှူတော့ ချမ်းသာတယ်။ (ဒါနတော ဘောဂဝါတဲ့) မိမိက သူတစ်ပါးကို မျှဝေပေးလှူနိုင်ခြင်း သဒ္ဓါတရားပြည့်စုံတော့ စိတ်ချမ်းသာတယ်လေ။ လူတွေဟာ သဒ္ဓါတရားရှိမှ ကြီးပွားချမ်းသာစမြဲပါပဲ။ ရှိလို့ လှူ၊ လှူလို့ရှိ၊ ချမ်းသာ လို့ (သဒ္ဓါစိတ်ရှိရင်) ပေးဝေလှူဒါန်း၊ လှူဒါန်းတဲ့ ကံအကျိုးပေးကြောင့် ချမ်းသာပြည့်စုံ။ 

ဝီရိယအကျိုးလည်း မပါဘူးလား၊ ပါမှာပေါ့။ ပညာရဲ့အကျိုးရောမပါဘူးလား။ ပါမှာပါ။ ဘယ်သူ ဘယ်ဝါရဲ့မဟုတ်ပါဘဲ ကံကံရဲ့အကျိုးနိယာမ သဘောသဘာဝအရ ရှေးကဒါနကံရဲ့ အကျိုးပေး ကြီးမားပုံကိုတော့ ဝီရိယတို့ ပညာတို့လည်း မယှဉ် နိုင်ကြ။ သဒ္ဓါကြောင့် ဒါနပြု၊ ဒါနကံကြောင့် ယခု ဘဝ၊ နောက်ဘဝ စည်းစိမ်ချမ်းသာ (အရင်းတည် တော့ အတိုးအမြတ်ရခြင်းနိယာမ) ကောင်းကျိုး ခံစားရတာပဲပေါ့။ 

ဒါက အာဠာဝက ဘီလူးရဲ့မေးခွန်းအမှတ် (၁) ကို ဘုရားရှင်ဖြေကြားတော်မူတဲ့ (အရေးကြီးတဲ့ သိစရာအချက်) စကားလုံးတစ်ခွန်းပါ။ ဘုရားရှင် လက်ထက်တော်က မောင်ပုဏ္ဏဆိုတဲ့ လယ်သမား သူဌေးဖြစ်လာပုံ၊ ကာကဝလိယဆိုတဲ့ ဆင်းရဲသား ချမ်းသာသွားပုံ၊ သုဒတ္ထခေါ် အနာထပိဏ်သူဌေး၊ ဝိသာခါကျောင်းအစ်မ စသည်ဖြင့် သူဌေးသူကြွယ်များ ဘာကြောင့်ချမ်းသာကြွယ်ဝကြပါသလဲ။ စာဖတ်သူကော ချမ်းသာချင်ရင် ပေးလှူရမယ် ယုံကြည်မှု (သဒ္ဓါတရား) ရှိပြီလား။ ပန်း၊ ရေချမ်း၊ ဆွမ်းတို့ နေ့စဉ်မပြတ် လှူဒါန်းဆက်ကပ်လို့ ဆင်းရဲသွားသူ မရှိပါ။ ။