တိုကျို ၆ ဧပြီ
ဧပြီ ၇ ရက် အစောပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရေးပေါ် အခြေအနေအဖြစ် ကြေညာရန်အတွက် နောက်ဆုံးပြင်ဆင်မှုများကို ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး လုပ်ဆောင်နေပြီဖြစ်သည်။ လွန်ခဲ့သောလက ပြဋ္ဌာန်းခဲ့သည့် ပြင်ဆင်ထားသော ဥပဒေတွင် အစိုးရက အမိန့်ထုတ်ပြန် ကြေညာသွားရန်ပင် ဖြစ်သည်။ ဥပဒေတွင် ဝန်ကြီးချုပ်သည် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သည့် အစိုးရ အကြံပေးအဖွဲ့နှင့် တိုင်ပင်ရမည်ဖြစ်သည်။
ဧပြီ ၇ ရက်နှင့် ၉ ရက်ကြားတွင် အစည်းဝေး ကျင်းပသွားရန် အဆိုပါ အကြံပေးအဖွဲ့ဝင်များကို ပြောကြားရမည် ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမှာ တိုကျိုမြို့အပါအဝင် အခြားသော မြို့ကြီးများတွင်လည်း ကူးစက်မှုနှုန်း မြင့်တက်လျှက် ရှိသည်။
ယင်းအတွက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွင်လည်း ဝန်ပိလာသည်။ ကူးစက်ခံရမှုနှုန်း မြင့်တက်လာသည့်အတွက် နောက်ကြောင်းရာဇဝင် လိုက်ရန်လည်း မဖြစ်နိုင်တော့ပေ။ အကြံပေး အဖွဲ့ဝင်များနှင့် ဆွေးနွေးပွဲအပြီး အချက်နှစ်ချက်နှင့် ကိုက်ညီမှုရှိပါက ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အရေးပေါ် အခြေအနေအဖြစ် ကြေညာနိုင်မည်ဖြစ်သည်။
ပထမအချက်မှာ ကိုရိုနာဗိုင်းရပ်စ်သည် ပြည်သူများ၏ အသက်နှင့်ကျန်းမာရေးကို ခြိမ်ခြောက်နိုင်သည် ဟူသော အချက်ဖြစ်ပြီး၊ ဒုတိယအချက်မှာ နိုင်ငံတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုမှာ ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝနှင့် တိုင်းပြည်၏ စီးပွားရေးကို ဆိုးကျိုးများ ဖြစ်ပေါ်စေသည်ဟူသည့် အချက်ပင်ဖြစ်သည်။
အရေးပေါ်အခြေအနေ ကြေညာမှုအတွက် တိကျသည့်အချိန်ကာလနှင့် ဧရိယာ သတ်မှတ်ချက် ပါဝင်ရမည် ဖြစ်သည်။ ကန့်သတ်ခံထားရသည့် နယ်မြေများမှ အုပ်ချုပ်ရေးမှူးများသည် ဒေသခံများကို အရေးပေါ်ကိစ္စမှလွဲ၍ နေအိမ်၌သာ နေကြရန် ပြောဆိုထားမည်ဖြစ်သည်။ အဆောက်အဦ၊ မြေပိုင်ရှင်၏ ခွင့်ပြုချက်တောင်းခံစရာမလိုဘဲ ဒေသခံ အစိုးရသည် ယာယီဆေးရုံများ တည်ထောင်ခွင့်ရမည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ


