အရှေ့တောင်အာရှ တက္ကသိုလ်ပြိုင်ပွဲ၏ ဝူရှူးပြိုင်ပွဲပြီးဆုံးခဲ့ပြီး မြန်မာအသင်း နိုင်ငံအလိုက် ပထမနေရာရရှိ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်ပြိုင်ပွဲ၏ ဝူရှူးပြိုင်ပွဲနောက်ဆုံးနေ့ကို ယနေ့နံနက်ပိုင်းက ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပရာ မြန်မာဝူရှူးအဖွဲ့က နိုင်ငံအလိုက် ပထမနေရာရရှိခဲ့သည်။

 

ပြိုင်ပွဲနောက်ဆုံးနေ့တွင် မြန်မာဝူရှူးအဖွဲ့က ငွေနှစ်ခု၊ ကြေးတစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။ အမျိုးသမီး ချန်းစုနှင့်ကျန်းစု ပြိုင်ပွဲနှစ်ခုပေါင်းတွင် အီရင်ဖောင်(မလေးရှား)က ၁၉ ဒသမ ၂၂ မှတ်ဖြင့် ရွှေတံဆိပ်၊ စန္ဒီဦး(မြန်မာ) က ၁၉ ဒသမ ၂၁ မှတ်ဖြင့် ငွေတံဆိပ်၊ ပန်ပူရီ(မလေးရှား) က ၁၉ ဒသမ ဝ၇ မှတ်ဖြင့် ကြေးတံဆိပ်ရခဲ့သည်။ စန္ဒီဦးသည် ပြိုင်ပွဲပထမနေ့တွင် ထိပ်ဆုံးမှ ဦးဆောင်ခဲ့သလို ဒုတိယနေ့တွင် ၉ ဒသမ ၆၀ မှတ်သာ ရယူနိုင်ပြီး ပထမနေ့တွင် ၉ ဒသမ ၆၀ မှတ်ရခဲ့သည့် အီရင်ဖောင်က ဒုတိယနေ့တွင် ၉ ဒသမ ၆၂ မှတ် ရယူနိုင်ခဲ့သောကြောင့် ဒသမ ၁ အသာဖြင့် ရွှေဆုရခဲ့ခြင်းဖြစ်သည်။ 

နောက်ထပ် ငွေတံဆိပ်ဆုကို အမျိုးသားနှစ်ယောက်တွဲအတိုက်ပြိုင်ပွဲမှ ပြည့်စုံကိုကိုနှင့် ကောင်းမြတ်သူအတွဲက ရရှိခဲ့သည်။ ကြေးတံဆိပ်ဆုကို အမျိုးသမီးအတွဲအတိုက်ပြိုင်ပွဲမှ ခိုင်ဇင်သက်နှင့် နှင်းသီရိမောင်အတွဲက ရရှိခဲ့သည်။ ဝူရှူးပြိုင်ပွဲပြီးဆုံးသွားပြီဖြစ်ပြီး မြန်မာအသင်းက ရွှေခြောက်ခု၊ ငွေငါးခု၊ ကြေးငါးခုဖြင့် ပထမနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ မြန်မာအသင်းနောက်တွင်  မလေးရှားအသင်းက ရွှေလေးခု၊ ငွေခုနစ်ခု၊ ကြေးလေးခု၊ ထိုင်းအသင်းက ရွှေလေးခု၊ ငွေနှစ်ခု၊ ကြေးတစ်ခု၊ အင်ဒိုနီးရှားအသင်းက ရွှေလေးခု၊ ငွေတစ်ခု၊ ကြေးနှစ်ခု၊ စင်ကာပူအသင်းက ရွှေသုံးခု၊ ကြေးနှစ်ခု၊ လာအိုအသင်းက ရွှေတစ်ခု၊ ငွေနှစ်ခုရခဲ့သည်။

မြန်မာဝူရှူးအဖွဲ့အတွက် ဆုများကို အေးသစ္စာမြင့်က ရွှေတစ်ခု၊ ငွေတစ်ခု၊ ငြိမ်းချမ်းကိုကို၊ မြတ်နိုးအိမ်၊ နိုင်းတန်၊ နီနီအေးနှင့် နန်းချယ်ရီခမ်းတို့က ရွှေတစ်ခုစီ၊ ခန့်မင်းထက်၊ ခိုင်ဇင်သက်၊ စန္ဒီဦးတို့က တစ်ခုစီ၊ ထောက်လုအတွဲ အတိုက်ပြိုင်ပွဲမှ ငွေတစ်ခု၊ ဆောင်းနှင်းထက်၊ ဟိန်းသီရိ၊ အောင်ကောင်းမြတ်နှင့် ငြိမ်းငြိမ်းထွန်းတို့မှ ကြေးတစ်ခုစီ၊ ထောက်လုအတွဲအတိုက်ပြိုင်ပွဲမှ ကြေးတစ်ခုတို့ ရရှိခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ကိုကိုစိုးညွန့်