အိန္ဒိယ စက်တင်ဘာ ၂၅
အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ပြည်ပ ရေးရာမူဝါဒနှင့် ပြည်သူ့ဆက်ဆံရေးသံတမန်ဌာန ပြည်ပဘာသာစကားနှင့် မီဒီယာဌာနခွဲ၏ ဖိတ်ကြားမှုဖြင့် အိန္ဒိယနိုင်ငံ၌ ရောက်ရှိနေသည့် အရှေ့တောင်အာရှနိုင်ငံများမှ သတင်းစာဆရာများသည် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အိန္ဒိယနိုင်ငံ ဖွံ့ဖြိုးပြီးနိုင်ငံများဆိုင်ရာ သတင်းအချက်အလက်နှင့် သုတေသန ဌာန (Research and Information System for Developing Countries- RIS) သို့ လည်းကောင်း၊ ဘေးအန္တရာယ်ခံနိုင်ရည်ရှိသည့် အခြေခံအဆောက်အအုံများဆိုင်ရာ မဟာမိတ် အဖွဲ့အစည်း (Coalition for disaster resilient infrastructure -CDRI) သို့လည်းကောင်း၊ အိန္ဒိယစက်မှုလုပ်ငန်းများအဖွဲ့ချုပ် (Confederation of Indian Industry -CII) သို့လည်းကောင်း သွားရောက် လေ့လာကြသည်။
အိန္ဒိယနိုင်ငံ ဖွံ့ဖြိုးပြီးနိုင်ငံများဆိုင်ရာ သတင်းအချက်အလက်နှင့် သုတေသနဌာန (RIS) ၌ တာဝန် ရှိသူများက RIS ၏ ရည်ရွယ်ချက်၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး သတင်းစာဆရာများက သိရှိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးသည်။
ဘေးအန္တရာယ်ခံနိုင်ရည်ရှိသည့် အခြေခံအဆောက်အအုံများဆိုင်ရာ မဟာမိတ်အဖွဲ့အစည်း (CDRI) ရုံးချုပ်၌ အဆိုပါအဖွဲ့အစည်းမှ တာဝန်ရှိသူများက အဖွဲ့အစည်း၏နောက်ခံသမိုင်း၊ လက်ရှိဆောင်ရွက်ချက်များနှင့် အနာဂတ်ရည်မှန်းချက်များကို ရှင်းလင်းပြောကြားပြီး သတင်းစာဆရာများက သိလိုသည့်အချက်များ မေးမြန်းဆွေးနွေးသည်။
ဆက်လက်၍ အိန္ဒိယစက်မှုလုပ်ငန်းများ အဖွဲ့ချုပ်(CII) မှ တာဝန်ရှိသူများက အဖွဲ့အစည်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆွေးနွေးပွဲများအပြီးတွင် နယူးဒေလီရှိ ဒေလီဟက် (Dilli Haat) ရိုးရာဈေးပွဲတော်သို့ သွားရောက်လည်ပတ်ကြသည်။ ဒေလီဟက် (Dilli Haat) ရိုးရာဈေးပွဲတော်သည် ၁၉၉၄ ခုနှစ် မတ်လတွင် ဒေလီခရီးသွားလာရေးဌာနနှင့် အခြားအဖွဲ့အစည်းများ စုစည်းကာ တည်ထောင်ထားသည့် အိန္ဒိယနိုင်ငံတစ်ဝန်းရှိ လက်မှုပစ္စည်းများ၊ အစားအစာများ၊ ယဉ်ကျေးမှုဓလေ့များကို တစ်နေရာတည်းတွင် စုစည်းပြသထားသည့်နေရာဖြစ်ကာ အိန္ဒိယရိုးရာယဉ်ကျေးမှုဆိုင်ရာ ပွဲလမ်းသဘင်များကိုလည်း ကျင်းပလေ့ရှိသည့်နေရာလည်းဖြစ်သည်။
သတင်းစာဆရာများက မိသားစုပုံစံအလည်အပတ်ခရီးစဉ်အတွက် အိန္ဒိယနိုင်ငံသို့ စက်တင်ဘာ ၂၃ ရက်က ရောက်ရှိပြီး အောက်တိုဘာ ၂ ရက်အထိ လေ့လာရေးနှင့် ဆွေးနွေးပွဲများသို့ တက်ရောက်ကြမည်ဖြစ်သည်။
အဆိုပါခရီးစဉ်သို့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် ဒစ်ဂျစ်တယ်မီဒီယာများမှ အယ်ဒီတာများနှင့် သတင်းထောက်များ စုစုပေါင်း ၂၅ ဦး လိုက်ပါသွားကြောင်း သိရသည်။
ASH


