အရှုံးကိုရင်ဆိုင်ရဲသည့် သတ္တိ

၉ ဇန်နဝါရီ

လောကဓံနှင့် ကြုံရသောအခါ စိတ်ဓာတ် မတုန်လှုပ်ခြင်း၊ စိုးရိမ် ကြောင့်ကြမှုမရှိခြင်း၊ တပ်မက်မှု မရှိခြင်း၊ ကိလေသာအပြစ်မြူ ကင်းစင်ခြင်း၊ ကြောက်ခြင်းဟူသည့် ဘေးမရှိခြင်းတို့သည် မင်္ဂလာ ရှိ၏ဟု မင်္ဂလာတရား သုံးဆယ့်ရှစ်ပါးတွင် ဆိုသည်။

လောကလူ့ဘုံအနေဖြင့်ဆိုရလျှင် လောကဓံတရားဟူသည် လူတို့ကြုံကြရမြဲဖြစ်၏။ လောက၌ နေထိုင်ကြရာတွင် အောင်မြင်သည့်အခါ ရှိသလို ရှုံးနိမ့်သည့်အခါလည်း ရှိမည်။ အနိုင်ရသည့်အခါ အောင်မြင်ခြင်းကို ခံစားရာတွင် တည်ငြိမ်ဖို့လိုသလို အရှုံးနှင့်တွေ့ကြုံ ရသည့်အခါ ဣန္ဒြေမပျက် ရင်ဆိုင်နိုင်သည့် သတ္တိလိုသည်ပင်။

အမေရိကန်နိုင်ငံ၏ ရွေးကောက်ပွဲကို အကြောင်းပြု၍ မဲရှုံးသူ တို့က အဓိကရုဏ်းများဖန်တီးကာ ဆူပူကြရင်း သေသူသေ၊ ဒဏ်ရာရသူ ရကြသည်။ မဲရှုံးသူအင်အားစုက လွှတ်တော်အဆောက်အအုံ အတွင်းသို့ ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဤသည်က အမေရိကန်သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး အဆိုးရွားဆုံး ဖြစ်ရပ်ဟူ၍ စာနယ်ဇင်းများနှင့် နိုင်ငံတကာနိုင်ငံရေး ဝေဖန်သူများက ညွှန်းဆိုပြောကြ၏။ ဆန္ဒပြသူများသည် အဓိကရုဏ်းအဖြစ်မှသည် အကြမ်းဖက်မှုအဖြစ်ဆီသို့ ကူးသွားခဲ့သည်။ လွှတ်တော်ပြတင်းမှန်များကို ရိုက်ခွဲ၊ တားဆီးနေသည့်ရဲများကို ရန်ပြု စသည်ဖြင့် ဖြစ်ပွားခဲ့လေသည်။ လွှတ်တော်အမတ်များ လွှတ်တော်အတွင်းတွင် လေးနာရီခန့်ကြာအောင် ပုန်းအောင်းနေခဲ့ရပြီးသည့်နောက် ဆန္ဒပြသူများကို ရှင်းလင်းပြီးသည့်အခါ လွှတ်တော်အတွင်း မဲပေးခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။

မဲရှုံးနိမ့်သည့် ပါတီဖြစ်သော ရီပတ်ဘလီကန်ပါတီ၏ ခေါင်းဆောင်ဖြစ်သူ မက်ကောနယ်က ထရမ့်သည် ၎င်းတို့ပါတီ၏ သမ္မတပင်ဖြစ်သော်လည်း ပါတီအနေဖြင့် မဲပေးခဲ့ကြသော ပြည်သူ လူထုဘက်ကသာ ရပ်တည်သွားမှာဖြစ်သည့်အကြောင်း ကြေညာပြောဆိုသည်။ ထို့နောက် လက်ရှိ ဒုသမ္မတဖြစ်သူ မိုက်ပန့်စ်က မဲနိုင်သူ ဂျိုးဘိုင်ဒင်နှင့် ဟဲရစ်ကို သမ္မတနှင့် ဒုတိယသမ္မတအဖြစ် ကြေညာလိုက်သည်။

လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာလက ပြုလုပ်သော ရွေးကောက်ပွဲတွင် ၂၃၂ မဲရရှိပြီး ယခုရွေးချယ်ခံရသူ သမ္မတ တိုင်ဒင်က ၃၀၆ မဲ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုမဲရလဒ်များသည် မမှန် ကန်ကြောင်း၊ မဲစာရင်းမသမာမှုများရှိကြောင်း ရှုံးနိမ့်သူ ထရမ့်က ပြည်နယ်တရားရုံးများတွင် ကန့်ကွက်ခဲ့သည်။ ပြည်နယ်အချို့တွင် မဲပြန်လည်ရေတွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ကန့်ကွက်ခဲ့သမျှ တရားရုံးတိုင်းတွင် ထရမ့် ရှုံးနိမ့်ခဲ့ပြီး ဘိုင်ဒင်သာ အနိုင်ရရှိခဲ့သည်။

ကုန်လွန်ခဲ့သော ၄ နှစ် သက်တမ်းကာလတုန်းက ဟီလာရီ ကလင်တန်နှင့် ဒေါ်နယ်ထရမ့်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး လူများစုပေးသော မဲအရေအတွက်အရ ဟီလာရီနိုင်ခဲ့သော်လည်း ပြည်နယ်အချိုးအစားအရ သတ်မှတ်သည့် မဲအရေအတွက်တွင် ထရမ့်က မဲအသာရခဲ့သည်။ လူထုအကြား အငြင်းပွားမှုများ ရှိနေသော်လည်း ဟီလာရီ ကလင်တန်က ထရမ့်ကို သမ္မတအဖြစ် အသိ အမှတ်ပြု လက်ဆွဲနှုတ်ဆက်ကာ ကြေညာပေးခဲ့ခြင်းဖြစ်သည်။ မိမိ အနိုင်ရစဉ်က ရှုံးသူက လူကြီးလူကောင်းပီသမှုကို ဖော်ပြခဲ့သည်ကို မိမိရှုံးနိမ့်သည့်အခါ မေ့လျော့သွားခဲ့ခြင်းဖြစ်မည်။

ယခုရွေးကောက်ပွဲတွင် ပေးခဲ့ကြသော မဲအရေအတွက်များအရ အလွန်ထင်ရှားပြီးဖြစ်သည့်ပြင် ဥပဒေအရ ရင်ဆိုင်ရာတွင်လည်း တရားရုံးများက အဖြေပေးပြီးဖြစ်ပါသည်။ အရှုံးကို မျက်နှာချင်း ဆိုင်ရန် ခက်ခဲနေမှုက ပိုမိုဆိုးရွားသော အရှုံးများကို ရင်ဆိုင်ရဖွယ် ဖြစ်လာသည်။

မဲရှုံးသည်ဆိုခြင်းမှာ နိုင်ငံရေးအရ အလုံးစုံ ရှုံးနိမ့်သွားခြင်း မဟုတ်။ နောက်တစ်ကြိမ် ပြန်လည်ယှဉ်ပြိုင်နိုင်ခွင့် ရှိနေဆဲဖြစ်၏။ သို့သော်လည်း ယခုအခါ မိမိ၏ပါတီကပါ မိမိကို ပြန်လည်ဆန့်ကျင် ခြင်းကို ခံနေရခြင်း၊ နိုင်ငံတကာရင်ပြင်တွင် နိုင်ငံရေးဂုဏ်သိက္ခာ ဆုံးရှုံးရခြင်းတို့က ပိုမိုခါးသီးသော အရှုံးများဖြစ်လာခဲ့ပြီ။

အမျိုးမျိုးသော တရားစွဲဆိုမှုများကို ခံရဖွယ်ရှိကြောင်းကိုလည်း အနိုင်ရပါတီကရော၊ ထရမ့်၏ ပါတီကပါ တွက်ဆပြင်ဆင်နေသည် ဟုဆိုရာ မဲရှုံးမှုမှသည် နိုင်ငံရေး၊ လူပုဂ္ဂိုလ်ရေးရာ အရှုံးကြီးဆီသို့ ဦးတည်သွားနေခဲ့ပြီ ဆိုရမလို ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ၊ နိုင်ငံရေးရာ အဆုံးအဖြတ်ဟူသည် ပြည်သူလူထုလက်ထဲတွင်သာ ရှိနေရမည်မှာ ဧကန်မုချဖြစ်သည်ဟု ယုံကြည်ပါကြောင်း။ ။

မြန်မာ့အလင်း