နေပြည်တော် စက်တင်ဘာ ၂၅

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီအစည်းအဝေး (၂/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီကို ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကလေးသူငယ်များအား အတင်းအကြပ် တပ်သားသစ်အဖြစ် စုဆောင်းခြင်းမပြုရန်၊ ကလေးသူငယ်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကလေးသူငယ်များ၏ အကျိုးစီးပွားကိုကာကွယ် စောင့်ရှောက်ရန်အတွက် ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန် စသည့်ကော်မတီ၏ ရည်ရွယ်ချက် (၃) ရပ်ဖြင့် တပ်မတော်အတွင်း အသက် ၁၈ နှစ် မပြည့်သူများ စစ်မှုထမ်းဆောင်မှု မရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူပင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် တပ်မတော် (ကြည်း) ပါဝင်နေခြင်းကို စာရင်းမှ ပယ်ဖျက်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရနှင့် Country Task Force on Monitoring and Reporting (CTFMR) တို့အကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစီမံချက် (Plan of Action) ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ကော်မတီနှင့် CTFMR တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ၂၇ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်ပါကြောင်း။

ထိုသို့ကော်မတီနှင့် CTFMR တို့အကြား Plan of Action သည် အသက်ဝင်ခြင်း မရှိတော့ သော်လည်း မြန်မာ့တပ်မတော်အနေဖြင့် ကလေးသူငယ်များ၏ အကျိုးစီးပွားကို ရှေးရှုလျက် မိမိတို့ လုပ်ဆောင်ရန်ရှိသည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက် ရှိပါကြောင်း၊ တပ်သားသစ် စုဆောင်းရေး ကဏ္ဍတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ သဘောတူ သတ်မှတ် ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများအတိုင်း အလေးထား လိုက်ပါ စုဆောင်းလျက်ရှိပါကြောင်း၊ အသိပညာပေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကော်မတီ အစည်းအဝေးများကို ပုံမှန်ကျင်းပလျက်ရှိပြီး ကော်မတီ ၏ ရည်မှန်းချက်အတိုင်း တပ်မတော်အတွင်း ကလေးစစ်သား အသုံးပြုမှုမရှိစေရေး တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို CTFMR သို့ အသိပေး အကြောင်းကြားလျက်ရှိပါကြောင်း။

Plan of Action လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၂ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီနှင့် CTFMR တို့ ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်း စုဆောင်းခဲ့သည့် အသက်မပြည့် စစ်သည် အမြဲတမ်းစစ်မှုထမ်း ၁၁၅၂ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း ပေးခဲ့ပါကြောင်း၊ တပ်မတော်အနေဖြင့်လည်း တပ်သားသစ် စုဆောင်းရေးတပ်များတွင် စုဆောင်းရရှိသည့် တပ်သားသစ်များထဲမှ ငယ်ရုပ်မပျောက်သေးသူ၊ အသက်မပြည့်သေးသူဟု သံသယရှိသူများကို စိစစ်ရေးဘုတ်အဖွဲ့ဖြင့် စစ်ဆေးခြင်း၊ အရိုးဓာတ်မှန်ဖြင့် ရိုက်ကူး၍ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ အသက်မပြည့်၍ ပြန်လည် စေလွှတ်ပေးခဲ့သူ တပ်သားသစ်များ ရှိကြောင်း။

ထို့ပြင် ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင် အကောင်အထည်ဖော်၍ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ခဲ့ပါကြောင်း၊ ယင်းဆင့်ခေါ်ခဲ့သူများထဲမှ အသက်ငယ်ရွယ်ကြောင်း စိစစ်တွေ့ရှိသူများကိုလည်း ပြန်လည် စေလွှတ်ပေးနိုင်ခဲ့ပါကြောင်း၊ အရွယ်မရောက်သေးသူများကို မှားယွင်းစုဆောင်းခဲ့သူ၊ မှားယွင်း ဆင့်ခေါ်ခဲ့သူများကိုလည်း အရေးယူခြင်းများ ပြုလုပ်ခဲ့ပါကြောင်း။  

တပ်မတော်အတွင်း အသက် မပြည့်စစ်သည်များ မှားယွင်း စုဆောင်းမှု မရှိစေရေးအတွက် အသိပညာပေးမှု အနေဖြင့် စစ်ဥပဒေချုပ်ရုံး၊ တိုင်းစစ်ဌာနချုပ်များမှ ဥပဒေဘာသာရပ်ဆိုင်ရာ အရာရှိကြီး/အရာရှိများက တပ်ရင်းတပ်ဖွဲ့များနှင့် တပ်မတော် သင်တန်းကျောင်းများရှိ တပ်မတော်သားများအား ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ စုစုပေါင်း အကြိမ် ၂၇၂၀ ဆွေးနွေး ပို့ချနိုင်ခဲ့ပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဝင်များက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများအား အကြံပြု ဆွေးနွေးခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။

ယင်းနောက် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းရန် ဝင်ရောက်ခြင်း မရှိစေရေးနှင့် မှားယွင်း စုဆောင်းမှုမျိုး မရှိစေရေး ကဏ္ဍအလိုက် တာဝန်ရှိသူများက စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်သွားစေလို ကြောင်းပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။  

သတင်းစဉ်