အသစ်ရွေးချယ်လိုက်ပြီဖြစ်တဲ့ အင်ဂျလာမာကယ်နေရာမှာ ဆက်ခံမယ့်သူ

ပြီးခဲ့တဲ့လတွေအတွင်းကပဲ ဂျာမနီနိုင်ငံရဲ့ ဝန်ကြီးချုပ် အင်ဂျလာမာကယ်ဟာ ၂၀၂၁ ခုနှစ်ကျရင် အနားယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီသတင်းကြောင့် ဥရောပနိုင်ငံတွေအတွင်းမှာ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပါတယ်။ မာကယ် အနားယူတော့မယ်ဆိုရင် သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးမှာလဲဆိုတဲ့ မေးခွန်းဟာ အားလုံးစိတ်ဝင်စားစရာမေးခွန်း ဖြစ်လာခဲ့ပါတယ်။

ဆက်ခံမယ့်သူရွေးချယ် အင်ဂျလာမာကယ်ရဲ့ ပါတီဖြစ်တဲ့ ခရစ်ယာန် ဒီမိုကရက်တစ် ယူနီယံပါတီဟာ အင်ဂျလာမာကယ် နေရာမှာဆက်ခံမယ့်သူကို ရွေးလိုက်ပါပြီ။ သူ့နာမည် ကတော့ အင်နီဂရက်ခရမ့်ကယ်ရင် ဘယ်ရာပဲ ဖြစ်ပါတယ်။ ခရစ်ယာန်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ အသစ်အဖြစ် ရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။

အင်နီဂရက်ကို တစ်ခါတစ်ရံမှာတော့ အင်ဂျ လာမာကယ်အသေးစားလေးလို့လည်း ခေါ်ဝေါ် ကြပါ တယ်။ သူ့ကို အစွန်းမရောက်တဲ့ နိုင်ငံရေးအမြင် မျှတသူအဖြစ် သတ်မှတ်ကြပြီး ရိုးသားတဲ့ ခေါင်းဆောင်တစ်ဦးအသွင် ရှိပါတယ်။

အခုဆိုရင် အင်နီဂရက်ဟာ ဂျာမနီနိုင်ငံရဲ့ နိုင်ငံရေးပါတီတွေထဲက အင်အားအကြီးဆုံးပါတီမှာ ပါတီ ခေါင်းဆောင်ဖြစ်လာခဲ့ပါပြီ။

ဆက်ခံဖို့ပြင်ဆင်

သူဟာ တစ်ချိန်ချိန်မှာ အင်ဂျလာမာကယ် လိုပဲ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်လာဖို့ အကောင်းဆုံး အခွင့်အလမ်းတွေ ရှိပါတယ်။ အခုဆိုရင်သူဟာ အင်ဂျလာမာကယ်ရဲ့ နေရာကို ဆက်ခံဖို့အတွက် ပြင်ဆင်မှုတွေ စတင်နေပါပြီ။

သူ့ရဲ့ပါတီအတွင်းနဲ့ နိုင်ငံအတွင်းမှာ သူ့ကို နှစ်သက်သူရော မနှစ်မြို့သူပါ ရှိနေပါတယ်။ ဒါက တော့ ထုံးစံပါပဲ။ မစ္စစ်အင်နီဂရက်ကို ပြီးခဲ့တဲ့သောကြာနေ့ကမှ ပါတီရဲ့ ကိုယ်စားလှယ်တွေရဲ့ အနီးကပ်စောင့်ကြပ် မဲပေးမှုနဲ့အတူ ပါတီခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ကြေညာခဲ့ပါတယ်။

အင်ဂျလာမာကယ်အသေးစား 

တစ်ချိန်တည်းမှာပဲ ကမ္ဘာ့နေရာအတော်များများနဲ့ ဥရောပမှာအစွန်းရောက်တွေ၊ ပေါ်ပြူလစ်ဝါဒီတွေနဲ့ ပွဲဆူနေပြီး ကမ္ဘာ့ရှုပ်ထွေးလှတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ရာ ခေါင်းဆောင်ပိုင်းမှာ အမျိုးသားတွေကပဲ ကြီးစိုးထားကြပေမယ့် ဂျာမနီကတော့ အဲဒီလို မဟုတ်ပါဘူး။

အင်ဂျလာမာကယ်ရဲ့နေရာမှာ အစားထိုးဖို့ အမျိုးသမီးတစ်ယောက်ကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။ မစ္စစ်အင်နီဂရက်ဟာ အသက် ၅၆ နှစ်ရှိပြီဖြစ်ပြီး သူ့ကို ဂျာမနီမီဒီယာတွေက အင်ဂျလာမာကယ် အသေးစားလေးလို့ခေါ် ကြပါတယ်။

သူဟာ ပါတီအတွင်း စည်းလုံးညီညွတ်မှုအတွက်နဲ့ နိုင်ငံအတွင်း ညီညွတ်မှုရှိရေးတို့အတွက် ဟန်ချက်ညီမျှမှုရှိစေရေး အားထုတ်ကြိုးပမ်းနိုင်မယ့် သူလည်း ဖြစ်ပါတယ်။

ကလေးသုံးယောက်မိခင် 

မစ္စစ်အင်နီဂရက်ဟာ သူ့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ အမျိုးသားနှစ်ဦးကို ကျော်တက်ပြီး ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး အင်ဂျလာမာကယ်ရဲ့ လစ်ဘရယ်မူဝါဒကို ထောက်ခံသူဖြစ်ပြီး လစ်ဘရယ်ဝါဒကို ထိန်းသိမ်းဖို့အတွက်လည်း လုပ်ပိုင်ခွင့်ရထားသူပါ။

အင်ဂျလာမာကယ် အသေးစားလေးလို့ခေါ် ကြပေမယ့် သူတို့နှစ်ဦးမှာ မတူတာတွေလည်း အများကြီးရှိပါတယ်။ အင်ဂျလာမာကယ်မှာ ကလေးမရှိပေမယ့် အင်နီဂရက်မှာတော့ ကလေးတွေ ရှိပါတယ်။

အင်နီဂရက်မှာ ကလေးသုံးယောက် ရှိပါတယ်။ ကလေးသုံးယောက်ရဲ့ မိခင်အနေနဲ့ရော နိုင်ငံရေး သမားတစ်ဦးအနေနဲ့ပါ ဒီလိုနေရာမှာ ရပ်တည်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အလုပ်မှာရော မိသားစုဘဝ မှာပါ ဟန်ချက်ညီညီလုပ်ကိုင်နိုင်ဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ အားလုံးသိမှာပါလို့ အင်နီဂရက်က ပြောခဲ့ပါတယ်။

၁၈ နှစ်တာကျင်လည် 

မစ္စစ်အင်နီဂရက်ဟာ ပြည်ထဲရေးဝန်ကြီး၊ ပညာရေးဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး အစရှိတဲ့ တာဝန်တွေကို ၁၈ နှစ်ကြာ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီ ၁၈ နှစ်တာ ကာလအတွင်းမှာ ကျွန်မဟာ လူတွေကို ဘယ်လိုခေါင်းဆောင်ရမယ်၊ ခေါင်းဆောင်မှုဆိုတာ ပြည်သူတွေရဲ့ ခွန်အားအပေါ်မှာလည်း အများကြီး တည်မီနေတယ်ဆိုတာ သိနားလည်ခဲ့တယ်လို့ အင်နီဂရက်က ပြောပါတယ်။

သူ့ရဲ့ မူဝါဒနဲ့ ဘဝဇာတ်ကြောင်းဟာ အင်ဂျလာ မာကယ်ကိုထောက်ခံကြတဲ့ မဲဆန္ဒရှင်တွေကိုအမြင် အမျိုးမျိုးပေးစွမ်းပါတယ်။ ရိုမန်ကက်သလစ် တစ်ယောက်ဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်မှာပဲ လက်ထပ်ခဲ့တဲ့ အင်နီဂရက်ဟာ မိသားစုကိုအဓိက ရှာဖွေကျွေးမွေးသူ ဖြစ်လာပါတယ်။

သားသုံးယောက်ကို ပြုစုပျိုးထောင်ဖို့အတွက် သူ့ရဲ့ခင်ပွန်းဖြစ်သူဟာ အလုပ်ကနေ ထွက်ခဲ့ပါတယ်။ အင်နီဂရက်ဟာ လိင်တူချင်းလက်ထပ်တာကို ပြင်းပြင်းထန်ထန်ကန့်ကွက်သူလည်း ဖြစ်ပါတယ်။

ပါတီကိုထိန်းသိမ်းသွားနိုင်မယ့်လူ 

အင်ဂျလာမာကယ်ကို လူထုထောက်ခံမှု အဓိက ကျဆင်းသွားစေတဲ့အချက်ဖြစ်တဲ့ ၂၀၁၅ ခုနှစ် မှာ ဒုက္ခသည် ၁၀ဝဝဝဝဝ ကို ဂျာမနီကလက်ခံကြိုဆိုခဲ့တဲ့ ဆုံးဖြတ်ချက်မှာလည်း အင်နီဂရက်ဟာ အင်ဂျလာမာကယ်ကို ထောက်ခံခဲ့ပါတယ်။

ဒါပေမယ့်လည်း သူ့ရဲ့ ပြည်နယ်ဖြစ်တဲ့ ဆာလန်းကို ရောက်လာတဲ့ဒုက္ခသည် ၇၀ဝဝ ကိုလက်ခံရာမှာ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်း တွေချမှတ်ခဲ့တဲ့အတွက် တိုင်းပြည်ရဲ့ အာရုံစူးစိုက်မှုကို ရရှိခဲ့ပါတယ်။ အင်နီဂရက်အတွက် ထောက်ခံမဲပေးခဲ့တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဒင်နီရယ်ကတော့ အင်နီဂရက်ဟာ အယူအဆအမြင် မတူညီတဲ့ လူတွေရှိနေတဲ့ ပါတီအတွင်းမှာ စည်းလုံးမှုကို ဆက်လက်ဖော်ဆောင်သွားနိုင်ပြီး ပါတီကို ကောင်းကောင်းထိန်းသိမ်းသွားနိုင်မယ့်လူလို့ အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။

“ကျွန်မအတွက်တော့ ပါတီအတွင်းမှာ လစ်ဘရယ်၊ ကွန်ဆာဗေးတစ်ဆိုပြီး ကွဲပြားတာမရှိသလို၊ အလုပ်သမားကိုထောက်ခံတာ၊ စီးပွားရေးသမားကို ထောက်ခံတာလည်း မရှိပါဘူး။ ကျွန်မအတွက်တော့ ခရစ်ယာန်ဒီမိုကရက်တစ်ယူနီယံပါတီဟာ စည်းလုံးညီညွတ်ပြီး အမြဲတစ်သားတည်းရှိနေတဲ့ ပါတီတစ်ခုပါပဲ” လို့ ပြောခဲ့ပါတယ်။

သွေးကွဲမှုတွေဖြစ်လာမှာစိုးရိမ် 

အင်နီဂရက်က ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း ပြောခဲ့ပေမယ့် ပါတီအတွင်းက ကွန်ဆာဗေးတစ်တွေနဲ့ ဈေးကွက်စီးပွားရေးကို ထောက်ခံသူတွေကတော့ ပါတီအတွင်း စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာမှာ၊ သွေးကွဲလာမှာကို စိုးရိမ်ကြပါတယ်။

သူတို့ဟာ ပါတီခေါင်းဆောင် ရွေးချယ်ရာမှာ မစ္စစ်အင်နီဂရက်ရဲ့ အဓိက ပြိုင်ဘက်ဖြစ်သူ ဖီးဒရစ်မာ့ဇ်အပေါ်မှာ မျှော်လင့်ချက်တွေ ထားခဲ့ကြပါတယ်။ ပါတီတွင်းနဲ့ နိုင်ငံအတွင်းမှာ ဦးတည်ချက်တွေ ပြောင်းလဲဖို့ ဒီလိုရည်ရွယ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဖီးဒရစ်မာ့ဇ်ဟာ ယခင်တုန်းက အင်ဂျလာ မာကယ်ရဲ့ ပြိုင်ဘက်တစ်ဦးလည်းဖြစ်ပြီး သူဟာ ပါတီအတွင်းမှာ ကွန်ဆာဗေးတစ်တွေရဲ့ အရည်အသွေးကို ဆက်လက်ထိန်းသိမ်းထားမယ်လို့ ကတိပြုခဲ့သူလည်း ဖြစ်ပါတယ်။

ပါတီရဲ့ အောက်ခြေအဆင့်တွေဟာ တကယ်လို့များ မစ္စတာဖီးဒရစ်မာ့ဇ်သာ ပါတီခေါင်းဆောင် အဖြစ် အရွေးမခံရဘူးဆိုရင် ပါတီကနေ နုတ်ထွက်ဖို့အထိ ဖိအားပေးခံထားရတယ်လို့ ကိုယ်စားလှယ် အချို့ကပြောပါတယ်။

အကျပ်ရိုက်စရာတွေက စောင့်ကြို 

ပါတီရဲ့စီးပွားရေးအပိုင်းမှာ ခေါင်းဆောင်နေရတဲ့ ကာစတိန်လင်နီမန်ကတော့ အခုဆိုရင် ပါတီအတွင်းမှာ စိတ်ဝမ်းကွဲပြားမှုတွေကို စပြီးမြင်တွေ့ရ တော့မှာပါလို့ ပြောခဲ့ပါတယ်။

တချို့ကလည်း အင်နီဂရက်အနေနဲ့ ပါတီအတွင်းမှာ စိတ်ဝမ်းကွဲမှုတွေကို မဖြေဖျောက်နိုင်မှာကို စိုးရိမ်နေကြပါတယ်။ အင်နီဂရက်ဟာ ပါတီခေါင်းဆောင်အဖြစ်ရွေးချယ်ပွဲမှာ အနိုင်ရခဲ့ပေမယ့် အကျပ်ရိုက်စရာတွေ အများကြီးက သူ့ကိုစောင့်ကြိုနေပါတယ်။ မဲပေးရွေးချယ်ပွဲမှာ အင်နီဂရက် ဟာ ၅၁၇ မဲရရှိခဲ့ပြီး မစ္စတာဖီးဒရစ်မာ့ဇ်ကတော့ ၄၈၂ မဲ ရရှိခဲ့တာပါ။

ပထမဆုံးအလုပ် အင်ဂျလာမာကယ်အသေးစားလေးလို့ တင်စားကြတဲ့ အင်နီဂရက်ကရော တကယ်ပဲ အင်ဂျလာ မာကယ်လို ဩဇာအရှိန်အဝါ ကြီးမားလာမှာလား၊ တိုင်းပြည်ရဲ့ ဝန်ကြီးချုပ်ဖြစ်လာမှာလား၊ တိုင်းပြည်မှာ အဓိကကြုံတွေ့နေရတဲ့ ပြဿနာဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေးကို ဘယ်လိုကိုင်တွယ်မှာလဲ ဒါတွေ အားလုံးကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတွေပါပဲ။

ဒါပေမယ့် အင်နီဂရက်အနေနဲ့ ပထမဆုံး လုပ်ရမယ့် အလုပ်ကတော့ ပါတီအတွင်းစည်းလုံးမှု မပြိုပျက်အောင် ထိန်းသိမ်းသွားရမယ့် အလုပ်ဆိုတာကတော့ အသေအချာပါပဲ။ ။ 

ကိုးကား -နယူးယောက်တိုင်းမ