ရှင်နော်၊ ဓာတ်ပုံ - အာကာစိုး

 

ရန်ကုန်မြစ်တစ်ဖက်ကမ်းနေ ပြည်သူတို့ အတွက် Yangon Water Bus ၏ ရေယာဉ် ခရီးစဉ်က အသစ်တစ်ဖန် နိုးထမှုနှင့်အတူ အစပြုပြီဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁ ရက်တွင် ပြန်လည်မွေးဖွားလာသော Yangon Water Bus က လမ်းသစ်-ဆာပါ ချောင်ရေလမ်းခရီးဖြင့် ရန်ကုန်မြစ်၏ ရေလမ်း ခရီးကို စတင်နေပြီဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြစ်ချောင်းများကို အသုံးပြု၍ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် တစ်တပ် တစ်အား ပါဝင်မည်ဟူသောရည်ရွယ်ချက် ဖြင့် Yangon Water Bus သည် ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် တင်ဒါအောင်ပြီး ရန်ကုန်မြစ်တစ်ဖက်ကမ်း ခရီးစဉ်များကို စတင်ပြေးဆွဲခဲ့သည်။ စတင်ပြေးဆွဲစဉ်က ရန်ကုန်မြစ်တစ်ဖက်ကမ်းခရီးစဉ်များ၊ တွံတေး၊ ရေလယ်ကျောက်တန်းခရီးစဉ်များ၊ ရန်ကုန် မြစ်တွင်း ညနေခင်း နေဝင်ချိန်ဆည်းဆာအလှ ကြည့်ရှုသည့် အပန်းဖြေခရီးစဉ်များကို သင်္ဘော အစင်းရေ ၁၁ စင်းဖြင့် ဝန်ဆောင်မှုပေးခဲ့သည်။

လုပ်ငန်းအရှုံးပေါ်

ထိုစဉ်အချိန်များက မိုးလေကင်းလွတ် ချိန်တွင် Yangon Water Bus ၏ တစ်ရက် တာ ခရီးစဉ်ကို လိုက်ပါစီးနင်းရန် အမြဲလိုလို စိတ်ကူးဖြစ်ခဲ့သည်။ သို့သော် နေ့စဉ်ဖြစ်ပေါ် နေသောသတင်းများ၊ အပတ်စဉ် ဆောင်းပါး အစီအစဉ်များကြောင့် Yangon Water Bus ကို စီးခွင့်မသာခဲ့ပေ။ ထိုသို့နေရင်း Yangon Water Bus ခရီးစဉ်များသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ရပ်နားခဲ့သည်။ မူလ သတ်မှတ်ထားသော အစီအစဉ်များအရ Yangon Water Bus ၏ အရှုံးခံကာလမှာ နှစ်နှစ်ဖြစ်သော်လည်း လုပ်ငန်းအရှုံးပေါ်မှု ကြောင့် ရပ်တန့်လိုက်သည်မဟုတ်ဘဲ ငွေကြေး ပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ၊ သင်္ဘော ပိုင်းဆိုင်ရာတို့တွင် အားနည်းချက်များရှိသည့် အတွက် လုပ်ငန်းကိုယာယီရပ်ဆိုင်းခဲ့ပြီး ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသည်ဟု Yangon Water Bus များ၏ ပိုင်ရှင် တင့်တင့် မြန်မာကုမ္ပဏီများအုပ်စုဥက္ကဋ္ဌ ဒေါ်တင့်တင့် လွင်ထံမှ သိခွင့်ရခဲ့သည်။

ဘဏ်ဥပဒေအပြောင်းအလဲကြောင့် စီမံ ကိန်းချေးငွေများ ရပ်ဆိုင်းခံရခြင်း၊ လုပ်ငန်း ဆောင်ရွက်မှုပိုင်းတွင် စီမံခန့်ခွဲမှုအမှားအယွင်း ဖြစ်ခြင်း၊ ရေယာဉ်အရည်အသွေးများ နိမ့်ကျ ခြင်းတို့ကြောင့် လုပ်ငန်းကို ယာယီရပ်ဆိုင်း ကာ ပြန်လည်ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့ ရသည်။ ရေလမ်းခရီးသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန် ပူးပေါင်းဆောင်ရွက်လိုသူများကို ရှာဖွေခဲ့ရာ တွင် တိကျစွာ စီမံခန့်ခွဲနိုင်ပြီး အတွေ့အကြုံနှင့် နည်းပညာပိုမိုမြင့်မားသည့် စင်ကာပူအခြေစိုက် SAM အလူမီနီယံ သင်္ဘောဆောက်လုပ်ရေးကုမ္ပဏီကြီးနှင့် ဆက်သွယ်နိုင်ခဲ့သည်။

အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာ သည့် Yangon Water Bus ၏ အစီအစဉ် များနှင့်ပတ်သက်၍ ဒေါ်တင့်တင့်လွင်က “လုပ်ငန်းကို ပြန်လည်ဖွဲ့စည်းတဲ့နေရာမှာ ငွေပေးချေမှုစနစ်ကအစ အလိုအလျောက် ငွေပေးချေမှုစနစ် နည်းပညာတွေ မြှင့်ထား တယ်။ ငွေပေးချေမှုစနစ်တွေကို KIWI Pay Myanmar ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီးတော့ နိုင်ငံတကာစံနှုန်းတွေအတိုင်း KBZ Pay, CB Pay, Wave Pay တွေကို QR Code လေးနဲ့ စမတ်ဖုန်းသုံးတတ်တဲ့သူတိုင်း ကြိုတင် လက်မှတ်ကို တစ်ပတ်၊ တစ်လ၊ တစ်နှစ် ဝယ်လို့ရတဲ့ပုံစံမျိုးလုပ်ထားတယ်။ ကိုဗစ်-၁၉ အရ တန်းစီစနစ်မသုံးတော့ဘဲ လာတာနဲ့ QR Code နဲ့ Scan ဖတ်ပြီးဝင်တဲ့စနစ် ပြန်လုပ် ထားပါတယ်။’’

“အခုတော့ လူအများဆုံးစီးတဲ့ လမ်းသစ်နဲ့ ဆာပါချောင်ကို စပြေးဆွဲတယ်။ ဒီခရီးစဉ်ဟာ မနက် လူ ၃၀၀၀၊ ညနေ လူ ၃၀၀၀ အနည်းဆုံး စီးတယ်။ တစ်နေ့ကို ၆၀၀၀ ကနေ တစ်သောင်းရှိတယ်။ အဲဒါကြောင့် ကျွန်မတို့ အတွက် တော်တော်လေးကို တွက်ခြေကိုက် တယ်။ အရင်ကတော့ နာရီတိုင်းမှာ အရှုံးပေါ် တယ်။ အခုဟာ နာရီတိုင်းမှာ အမြတ်ပါတယ်။ ဒီတစ်ခါမှာတော့ အရှုံးခံပြီးပြေးဆွဲစရာမလိုတော့ဘူး။ အများကြီးမဟုတ်ပေမယ့် အမြတ် တော့ ပေါ်တယ်။ ဒီစနစ် အောင်မြင်လိမ့်မယ် ဆိုတာ ယုံကြည်တယ်။ ဒီကနေ ထပ်ပြီးတိုးချဲ့ သွားမယ်။’’

ဆိပ်ကမ်းခုနစ်ခုတင်ထား

“နိုင်ငံတော်ရဲ့ပံ့ပိုးမှုအနေနဲ့ နောက်အစိုးရ တစ်ခု အပြောင်းအလဲမလုပ်ခင်မှာ ငမိုးရိပ် ချောင်းကို အမြန်လေးရရှိဖို့ ဆောင်ရွက်ပေး စေချင်တယ်။ ငမိုးရိပ်ချောင်းမှာ ဆိပ်ကမ်း ခုနစ်ခုတင်ထားတယ်။ အစိုးရအနေနဲ့ သူတို့ ကိုယ်တိုင်ဆောက်ပေးမယ်လို့ ပြောထားတယ်။ အားလုံးလည်း သူတို့ဆက်ပြီး ကူညီပေးနေ ပါတယ်။ လက်ရှိအခြေအနေမှာ ပြန်လည် မွေးဖွားလာတဲ့ Yangon Water Bus ကို ပထမတစ်ကြိမ်လို အမှားမျိုးမဖြစ်အောင် စည်းကမ်းတကျ၊ စနစ်တကျ ဆက်ပြီး လုပ်ဆောင်သွားမှာပါ။’’

“အခုနှစ် ဒီဇင်ဘာလမတိုင်ခင် ပန်းဆိုး တန်းနဲ့ ဗိုလ်တထောင်ဆိပ်ကမ်းကိုဖွင့်မယ်။ ဟိုဘက်အခြမ်းကတော့ အံ့ကြီးနဲ့ သမ္မတ ကမ်းခြေပေါ့။ ဒီလေးခုကို လိုင်းနံပါတ် ၂၊ ၃ အနေနဲ့ ပြန်ဖွင့်မယ်။ ဒီလိုင်းတွေက အဓိက ဆိပ်ကမ်းတွေဖြစ်သွားပြီးမှ အင်းစိန်ဘက်ကို ရွှေ့မယ်။ အင်းစိန်ဘက်အပိုင်းကတော့ YBS နဲ့ ချိတ်ဆက်မှာ ဖြစ်တဲ့အတွက် YRTA ကို သွားပြီးချိတ်ဆက်ရဦးမယ်။ နောက်တစ်ခုက ငွေပေးချေမှုစနစ်၊ YBS ကိုစီးတဲ့ Yangon Payment Service ကတ် ကိုင်ဆောင်ထား သူတွေက Yangon Water Bus ကိုပါ အသုံး ပြုလို့ရအောင် ဝန်ကြီးချုပ်နဲ့ ကုမ္ပဏီကို ပြောပြ ထားပါတယ်။ ကတ်တစ်ခုတည်းနဲ့ ရေရော၊ ကုန်းရော သုံးလို့ရတဲ့စနစ်မျိုး ဆက်လုပ် သွားမှာပါ” ဟု Yangon Water Bus ၏ ရှေ့လုပ်ငန်းစဉ်များအကြောင်းကို ဒေါ်တင့်တင့် လွင်က ဆက်လက်ရှင်းပြသည်။

တော်တော်လေး အားပေး

ထို့ပြင် ဒေါ်တင့်တင့်လွင်က Yangon Water Bus အသုံးပြုနေသော ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများနှင့် ပတ်သက်၍ “ကျွန်မတို့အဆင်မပြေဖြစ်နေတဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ အဆင်ပြေနေတဲ့ အချိန် မှာပဲဖြစ်ဖြစ် Water Bus ကို စီးနင်းတဲ့သူတွေက ဒါကိုပြန်ဖွင့်ဖို့ တောင်းဆိုတယ်။ မျှော်လင့် နေတယ်လို့လည်း ပြောကြတယ်။ သူတို့အနေနဲ့ ကျွန်မတို့ရေယာဉ်တွေအပေါ်မှာ မကောင်းမြင် တာမျိုး လုံးဝမရှိခဲ့ဘဲ အကောင်းမြင်စိတ် တစ်မျိုးတည်းရှိခဲ့တဲ့အတွက် အဲဒီအပေါ်မှာ Yangon Water Bus စီးနင်းသူအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ သူတို့ပေးတဲ့ခွန်အားနဲ့ ကျွန်မတို့ လုပ်ငန်း ပြန်စတာပါ။ လူမှုကွန်ရက်ကနေလည်း ကျွန်မတို့ကို တော်တော်လေး အားပေးပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်” ဟု Water Bus စီးနင်းသူ တို့အတွက် မြန်မာ့အလင်းမှတစ်ဆင့် နှုတ်ခွန်းဆက် စကားဆိုခဲ့သည်။

ပြန်လည်ပြေးဆွဲမည်

ယခုအခါ Water Bus များကို စင်ကာပူ နည်းပညာဖြင့် မြန်မာနိုင်ငံတွင် လိုသလောက် ဆောက်လုပ်နိုင်ပြီဖြစ်သည်။ Yangon Water Bus များကို လက်ရှိတွင် လေးစင်းထုတ်လုပ် ထားပြီးဖြစ်သည်။ ပြန်လည်ပြေးဆွဲလျက် ရှိသော လမ်းသစ်-ဆာပါချောင် ခရီးစဉ်အတွက် အသုံးပြုနေသော ရေယာဉ်မှာ ခရီးသည် ၈၅ ဦး တင်ဆောင်နိုင်သည်။ ပြည်ပခရီးသွား ဧည့်သည်များ၊ သီးသန့်ငှားရမ်းအသုံးပြုသူ များအတွက် ခရီးသည် ၁၈ ဦးဆံ့ သင်္ဘော တစ်စင်းထားရှိသည်။ ညနေခင်း နေဝင် ဆည်းဆာအလှ ကြည့်လိုသူများအတွက် သီးသန့်ခရီးစဉ်ကို လူ ၂၀၀ ခန့် တင်ဆောင် နိုင်သည့် သင်္ဘောဖြင့် အောက်တိုဘာလ အတွင်း ပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး တွံတေး ခရီးစဉ်၊ ကျောက်တန်းခရီးစဉ်များကိုလည်း ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမည်ဟု ဆိုသည်။

ထို့ကြောင့်ပင် လာမည့်ပွင့်လင်းရာသီ၌ ရန်ကုန်မြစ်ပြင်တစ်လျှောက် လူးလာ ခေါက်တုံ့ပြေးဆွဲနေသော Yangon Water Bus များ၊ ရန်ကုန်သူရန်ကုန်သားတို့အတွက် အပန်းဖြေခရီးစဉ်ပြေးဆွဲပေးနေသော Yangon Water Bus များကို အသစ်တစ်ဖန် ပြန်လည် မြင်တွေ့ကြရတော့မည်ဖြစ်သည်။ ဤအကြိမ် တွင် အသစ်တစ်ဖန် ပြန်လည်နိုးထလာသော Yangon Water Bus ၏ နေ့ချင်းပြန်ခရီးစဉ် တစ်ခုကို မဖြစ်မနေလိုက်ပါစီးနင်းနိုင်ရန် ကြိုးစားပါဦးမည်။ ။

မြန်မာ့အလင်း  ( ယနေ့ရန်ကုန်)