ကျောက်မဲ ၆ ဧပြီ
ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေးရွာအုပ်စု၊ အောင်မြေသာယာကျေးရွာ၊ အောင်မြေသာယာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ဧပြီလ ၅ ရက်မွန်းလွှဲ ၁ နာရီ အချိန်က ကျောက်မဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးငြိမ်းချမ်းရေးနှင့်လုံခြုံရေးကွန်ရက်အဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မြေသာယာဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဓမ္မာရုံတွင် ကိုရင်လေးများနှင့် ကျေးရွာလူငယ်များအား ပြင်ပ ဗဟုသုတများရရှိစေရေး၊ စာဖတ်သည့်အလေ့ကျင့်ကောင်းများ ရရှိစေရေးနှင့် ကိုရင်များအားလပ်ချိန်တွင် စာအုပ်စာပေ၌ နှစ်သက်ပျော်မွေ့ကာ ရာသက်ပန်ပညာရှာမှီးသူများ ဖြစ်လာစေရန် ရည်ရွယ်၍ ဒုတိယဦးစီးမှူး ဦးစိုင်းထွန်းသိန်းက အားလပ်ချိန်မှာ စာဖတ်ပါခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍စာကြည့်တိုက်မှူး ဒေါ်စုစုဝင်းနှင့် အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးကွန်ယက်အဖွဲ့မှ ဒေါ်နန်းခင်စိန်တို့က ကိုရင်လေးများကို ရုပ်ပုံပြစာအုပ်၊ စက္ကူပြဇာတ်တို့ဖြင့် ပုံပြော ပြပေးခဲ့ပြီး ကိုရင်လေးများနှင့်ကျေးရွာလူငယ်များအား အချိန်တစ်နာရီ ပေး၍ ၎င်းတို့နှစ်သက်ရာ စာအုပ်များဖတ်ရှုစေခဲ့ပြီး စာအုပ်ပါအကြောင်းအရာများကို အချင်းချင်း အပြန်အလှန်ဆွေးနွေးစေခဲ့သည်။
အလားတူ အောင်မြေသာယာ သီလရှင်ကျောင်း အိုလံပစ် စာသင်ကျောင်းဆောင်၌လည်း သီလရှင် ဆရာလေးများအား အသိပညာပေးဟောပြောခြင်း၊ ပုံပြောပြခြင်းနှင့် စာဖတ်ဝိုင်းတို့ကို ဆက်လက် ဆောင်ရွက်ပေးခဲ့ကြောင်း ခရိုင် ပြန်/ဆက်မှ သိရသည်။
MDN


