mdn

ကလျာမိုးမြင့် - ရေးသားသည်

 

အသက် ၂၁ နှစ်မပြည့်သေးတဲ့သူတွေကို ဆေးလိပ်နဲ့ ဆေးရွက်ကြီးရောင်းချမှုတားမြစ်ဖို့ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေသစ်ဟာ အမေရိကန်ပြည်ထောင်စုမှာ ယခုအသက်ဝင်နေပြီဖြစ်တယ်လို့ အမေရိကန်အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုအဖွဲ့ရဲ့ ပြောပြချက်အရ သိရပါတယ်။

 

လက်မှတ်ထိုး

 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အသုံးစရိတ်ဥပဒေကြမ်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဆေးလိပ်ဝယ်ယူခွင့်ရှိတဲ့ အနိမ့် ဆုံးအသက်အရွယ်သတ်မှတ်ချက်ဥပဒေကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၇ရက်(သောကြာနေ့)မှာ အက်ဖ်ဒီအေက အခုအချိန်ကစပြီး လက်လီ ဖြန့်ချိတဲ့သူတွေအနေနဲ့ စီးကရက်၊ ဆေးပြင်းလိပ်နဲ့ အီးစီးကရက်တွေအပါ အဝင် ဘယ်ဆေးရွက်ကြီး ထုတ်ကုန်တွေကိုမဆို အသက် ၂၁ နှစ်အောက် လူငယ်တွေကို တရားဝင်ရင်းချခွင့်မရှိတော့ဘူးလို့ အဖွဲ့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက် အလက်တွေကို အက်ဖ်ဒီအေအဖွဲ့က ရရှိနိုင်သမျှ ဖော်ပြပေးသွားမယ်လို့လည်း ရေးသားထားပါတယ်။

 

 ဦးစားပေးကိစ္စတစ်ခုဖြစ်

 

အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံတန်ဖိုးရှိ ပိုမိုကျယ်ပြန့်တဲ့ အသုံးစရိတ်သဘောတူညီမှုနဲ့အတူ တွဲဖက်ပြီး အသုံးစရိတ်ဆိုင်ရာ ဆောင်ရွက်ချက်တွေအပြင် အခြားသောဖြည့်စွက်ဆောင်ရွက်ချက်တွေထဲကတစ်ခုအနေနဲ့ ဆေးရွက်ကြီးဝယ်ယူတဲ့ အသက်အရွယ် ကန့်သတ်ချက်တိုးမြှင့်မှုကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ သမ္မတထရမ့်က ဆေးလိပ်သောက်သုံးရ မယ့်အရွယ်ကို အသက် ၂၁ နှစ်သို့ တိုးမြှင့်သော်မှတ်လိုက်ခြင်းက ၎င်းရည်မှန်းထတဲ့ ဦးစား ပေးပြောင်းလဲမှုတွေထဲက တစ်ခုဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက် သတ္တပတ်က တွစ်တာပေါ်မှာ ဖော်ပြခဲ့ပါတယ်။

 

ဆေးရွက်ကြီးရောင်းချမှုအပေါ် ကန့်သတ်ချက်နဲ့ပတ်သက်ပြီး ကာလ ကြာအောင် တွန်းအားပေးခဲ့ကြတဲ့ ဆီးနိတ်လွှတ်တော်ဥပဒေပြုအမတ်တွေကတော့ ကင်တပ်ကီပြည်နယ် ကိုယ်စားပြု ရီပတ်ဘလစ်ကန် အမတ် တစ်ဦးဖြစ်တဲ့ ဆီးနိတ်လွှတ်တော် ခေါင်းဆောင်မစ်သ်မက်ကော်နယ်၊ ယူတားပြည်နယ် ကိုယ်စားပြု ရီပတ်ဘလစ်ကန် ဆီးနိတ်လွှတ်တော်အမတ် မစ်ရွမ်နေနဲ့ အင်ဒီယးနားပြည်နယ်ကိုယ်စားပြု တော့ဒ်ယန်တို့ဖြစ်ပြီး ဒီမိုကရက်တစ်အမတ်တွေဖြစ်ကြတဲ့ အီလီနွိုက်ပြည်နယ်ကိုယ်စားပြု ဆန်စ်ရစ်ချတ်ဒါဘင်၊ ဗာဂျီး နီးယားပြည်နယ်ကိုယ်စားပြုတင်မ်ကိုင်နီနဲ့ ဟာဝိုင်အီပြည်နယ်ကိုယ်စားပြု ဘရိုင်ယန် စကက်ခ်တို့ ကလည်း ဥပဒေ အသက်ဝင်ဖြစ်မြောက်ရေး ပါဝင် ခဲ့ကြသူတွေဖြစ်ပါတယ်။

 

အိမ်ဖြူတော်အတွက် အောင်မြင်မှုတစ်ခု

 

အမေရိကန်ပြည်ထောင်စုအတွင်းမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးထုတ်ကုန်တွေ တရားဝင်ဝယ်ယူခွင့် အသက် အရွယ်ကို တိုးမြှင့်သတ်မှတ်လိုက်တဲ့ ဆောင်ရွက်ချက်က အိမ်ဖြူတော်အတွက် အများပြည်သူ ကျန်းမာရေးဆိုင်ရာ အောင်မြင်မှုကြီးတစ်ခုအနေနဲ့လည်း မှတ်တမ်းဖြစ်စေခဲ့ပါတယ်။ ဆေးရွက်ကြီး ဆယ်ယူ နိုင်တဲ့ အသက်အရွယ်ကို ၂၁ နှစ်အထိ တိုးမြှင့်ဖို့ သီးခြားဥပဒေ ပြဋ္ဌာန်းထားပြီးသားဖြစ်တဲ့ ပြည်နယ် အနည်းအကျဉ်းလည်းရှိပါတယ်။

 

“ဒီဇင်ဘာ ၁၉ ရက်က အမေရိကန်ရှိပြည်နယ်ပေါင်း ၁၉ ခုမှာ အသက် ၂၁ နှစ်ပြည့်ပြီးမှ ဆေးလိပ်ကြီး ထုတ်ကုန်တွေဝယ်ယူဖို့ ဥပဒေထုတ်လိုက်တယ်လို့ အကျိုးအမြတ်မကြည့်သော ဆေးလိပ်ကင်းစင်ရေး လှုပ်ရှားသူလူငယ် များအဖွဲ့ရဲ့ပြောပြချက်အရ သိရပါတယ်။

 

ကန့်သတ်လိုက်တဲ့ပြည်နယ်များ

 

အသက်အရွယ်တိုးမြှင့်ကန့်သတ်လိုက်တဲ့ပြည်နယ်တွေကတော့ ကန် ဆာ၊ ကယ်လီဖိုးနီးယား၊ အီလီနွိုက်၊ ကွန်နက်တီကတ်၊ ဒီလာဝဲရ်၊ မက်ဆာ ချူးဆက်၊ နယူးဂျာစီနယူးယောက်၊ အိုဟိုင်းယိုး၊ အော်ရီဂွန်၊ ပင်ဆယ်လ်ဗေး နီးယား၊ တက္ကဆက်၊ ယူတား၊ ဗားမောင့်၊ ဗာဂျီးနီးယားပြည်နယ်တွေနဲ့ ဝါရှင်တန်တို့ပဲဖြစ်ပါတယ်။

 

 ဝါရှင်တန်ဒီစီနဲ့တကွ မြို့ကြီးတွေနဲ့ မြို့ငယ်ပေါင်၅၀ဝ ကျော်တွေမှာလည်း ဆေးလိပ်သောက်သုံးတဲ့ အသက်အရွယ်ကို တိုးမြှင့်ကန့်သတ်လိုက်တာဖြစ် ပါတယ်။ သမ္မတထရမ့်ဟာ အီးစီးကရက်နဲ့ ရှူရှိုက်ကိရိယာတွေ အပါအဝင် ဆေးရွက်ကြီးထုတ်ကုန်တွေ ဝယ်ယူတဲ့အသက်အရွယ်ကို တိုးမြှင့်ကန့်သတ်ဖို့ ယခင်ကတည်းက တစ်ချိန်လုံး ဦးစားပေးပြောဆိုလာခဲ့သူပါ။

 

ကလေးတွေကို ဂရုစိုက်စောင့်ရှောက်ဖို့လို

 

“ကျွန်ုပ်တို့ရဲ့ ကလေးတွေကို အထူးဂရုစိုက်စောင့်ရှောက်ရမယ်၊ ဒီအတွက် ကြောင့် ဆေးလိပ်သောက်သုံးခွင့်ရှိတဲ့ အသက်အရွယ်ကို အခုလိုတိုးမြှင့် ကန့်သတ်လိုက်တော့မှာဖြစ်ပြီး လာမယ့်ရက်သတ္တပတ်တွေမှာ အီးစီးကရက်နဲ့ ရှူရှိုက်ကိရိယာတွေ သောက်သုံးတာနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ ဆောင်ရွက်ချက်တစ်ခုခု လုပ်ဆောင်ဦးမှာ ဖြစ်တယ်”လို့ သမ္မတထရမ့်က ပြီးခဲ့တဲ့နိုဝင်ဘာလမှာ အိမ်ဖြူတော်အပြင်ဘက်ရပ်နေရင်း ပြောကြားခဲ့တာပါ။

 

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ သမ္မတထရမ့်က အမေရိကန် အစား အသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA)ဟာ အမွှေးရနံ့ပါရှိတဲ့ အီးစီးကရက် တွေရောင်းချတာနဲ့ပတ်သက်ပြီး အလွန်ပြင်းထန်တင်းကျပ်တဲ့ ထောက်ခံချက် တချို့ကို ထည့်သွင်းရလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာ သမ္မတထရမ့်ရဲ့ အစိုးရအဖွဲ့ အာဏာပိုင်တွေကအက်ဖ်ဒီအေဟာ အမွှေးရနံ့ပါရှိသော ဆေးရွက်ကြီးမဟုတ်တဲ့ ရှူရှိုက ်ပစ္စည်းတွေကိုပါ ဈေးကွက်က ဖယ်ရှားဖို့ လိုမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

 

အကျိုးပြု ဆောင်ရွက်ချက်

 

လူငယ်တွေဆေးလိပ်သောက်သုံးမှုနဲ့ ရှူရှိုက်ကိရိယာတွေ သုံးစွဲမှုမြင့်တက် လာမှုအပြင် ရှူရှိုက်ကိရိယာ တွေသုံးစွဲမှုနဲ့ ဆက်စပ်တဲ့ အဆုတ်ထိခိုက်မှုတွေ ဖြစ်ပွားလာမှုအပေါ် စိုးရိမ်ရမှုတွေမြင့်တက်လာချိန်မှာပဲ ယခုကြေညာချက် ထွက်ပေါ်လာခဲ့တာဖြစ်လို့ ဒီကိစ္စက အများပြည်သူကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးပြုဆောင်ရွက်ချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။

 

လူငယ်တွေအကြားမှာ ရေပန်းစားနေတဲ့ ရှူရှိုက်ကိရိယာတွေမှာ ထည့်သွင်းတဲ့ အမွှေးရနံ့တွေကို ပိတ်ပင်ဖို့ ကျန်းမာရေးအာဏာပိုင်တွေက အုပ်ချုပ်ရေးအဖွဲ့အစည်းကို တွန်းအားပေးနေဆဲပါပဲ။ အီးစီးကရက်နဲ့ ရှူရှိုက် ကိရိယာတွေကို အားပေးထောက်ခံတဲ့သူတွေကတော့ ဆေးလိပ်စွဲနေသူ ဆယ်ကျော်သက်တွေအတွက်ကတော့ မီးလောင်စေတတ်တဲ့ ဆေးလိပ်နဲ့၊ စီးကရက်ကို ဖြတ်ဖို့အတွက်ဆိုရင် ရှူရှိုက်ကိရိယာတွေက အကောင်းဆုံးပဲလို့ စောဒကတက်ကြပါတယ်။

 

အရောင်းဆိုင်တွေ စိတ်ညစ်

 

ဒီအချိန်မှာ အီးစီးကရက်အရောင်းဆိုင်ပိုင်ရှင်တွေကလည်း အမွှေးရနံ့  ပါပစ္စည်းတွေ ရောင်းချမှုကို ကန့်သတ်ချက်တွေချမှတ်လာရင် သူတို့စီးပွားပျက်တော့မယ်ဆိုပြီး ညည်းတွားနေကြတာကိုလည်း တွေ့ရပါ တယ်။ အသုံး စရိတ် ဥပဒေမှာ ဖြည့်စွက်ဆောင်ရွက်ချက်အသစ်တွေ ထည့်သွင်းမှုကို တချို့ တွေက လူငယ်တွေ ရှူရှိုက်ကိရိယာတွေကြောင့် ရောဂါဖြစ်ပွားမှုအပေါ် အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်ချက်အဖြစ် ရှုမြင်ကြပါ တယ်။၂၀၁၉ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုတစ်လွှားက ဆယ်ကျော်သက်လူငယ်တွေကြားမှာ ဆေးလိပ်အစားထိုးအသုံးပြုတဲ့ ကိရိယာတွေသုံးစွဲမှုက ရေပန်းစားနေဆဲပါ။

 

 

အခုအချိန်အထိကတော့ ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ မိဘပြည်သူ ဆိုင်ရာအဖွဲ့အစည်းတွေက သမ္မတအနေနဲ့ ဆေးရွက်ကြီးဝယ်ယူတဲ့တရားဝင် အသက်အရွယ်ကို တိုးမြှင့်ကန့်သတ်လိုက်တာထက် တခြားဆောင်ရွက်ချက် တွေကို ဒီထက်မက လုပ်ဆောင်ပေးဖို့ တိုက်တွန်းနေကြတုန်းပါပဲ။ အမွှေးရနံ့ထည့်သွင်းထားတဲ့ အီးစီးကရက် တွေကို ပိတ်ပင်ခြင်းမရှိဘဲ ဆေးရွက်ကြီးသုံးစွဲခွင့်အသက်အရွယ်ကို ၂၁ နှစ်ဆိုပြီး ကန့်သတ်လိုက်ခြင်းက လူငယ်တွေ  အီးစီးကရက်ကြောင့် ရောဂါဖြစ်ပွားမှုကို ရပ်တန့်စေမှာမဟုတ်ဘူးလို့ ကျန်းမာရေးအာဏာပိုင်တစ်ဦးက ဝေဖန်ခဲ့ပါတယ်။

 

ကိုးကား-စီအင်န်အင်န်