အထက်မြန်မာပြည် တက္ကသိုလ်ပေါင်းစုံ ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲ မိတ္ထီလာ၌ ကျင်းပ

မိတ္ထီလာ  ၁၉  ဇန်နဝါရီ 

 

မိတ္ထီလာမြို့၌   ဒေသခံ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများနှင့်    ကြက်တောင်ဝါသနာရှင်များ ပူးပေါင်းစီစဉ်သည့် အထက်မြန်မာပြည်ရှိ တက္ကသိုလ်ပေါင်းစုံ ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲကို ဇန်နဝါရီ ၁၉ နံနက် ၈ နာရီအချိန်က ခရိုင်မိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပကြောင်း သိရသည်။

 

အထက်မြန်မာပြည်မှာရှိတဲ့ တက္ကသိုလ်တွေအားလုံးနီးပါး ပါဝင်တဲ့ ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲကို မိတ္ထီလာဒေသခံ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများနဲ့ ကြက်တောင်ဝါသနာရှင်တွေ ပူးပေါင်းစီစဉ်ပြီး ပထမဆုံးကျင်းပဖြစ်တာပါ။  တက္ကသိုလ် ၁၆ ခုက ပြိုင်ပွဲဝင် ကြက်တောင်အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ပြီးတော့ ဇန်နဝါရီ ၁၉ ၊ ၂ဝ  နှစ်ရက် ကျင်းပပြလုပ်မှာဖြစ်ပါတယ်။  တက္ကသိုလ်တွေမှာ ကြက်တောင်အားကစားပိုမိုကျယ်ပြန့်လာစေရန်၊ တက္ကသိုလ် တစ်ခုနှင့်တစ်ခု ရင်းနှီးမှုပိုမိုရရှိလာစေရန်၊ ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ထူးချွန်သည့် မျိုးဆက်သစ် ကြက်တောင်ဝါသနာရှင်များ ပေါ်ထွက်လာစေရန်  ရည်ရွယ်ချက်သုံးခုနဲ့  ဒီပြိုင်ပွဲကို ကျင်းပပြုလုပ်တာဖြစ်ပါတယ်ဟု ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဝင် (မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ကျောင်းသားဟောင်း) ကိုခန့်ဇော်က  ပြောသည်။

 

အဆိုပါပြိုင်ပွဲတွင်     အမျိုးသားတစ်ဦးချင်း၊ အမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီးနှစ်ယောက်တွဲ ၊ အမျိုးသားအမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ အမျိုးအစား ၄ မျိုးပါဝင်ပြီး မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာနည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးကြောင်းတက္ကသိုလ်၊ ကျောက်ဆည်နည်းပညာ တက္ကသိုလ်၊ ရမည်းသင်းနည်းပညာတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ ရတနာပုံဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ်၊ မန္တလေးသွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ မန္တလေးဆေးတက္ကသိုလ်၊ မန္တလာဒီဂရီကောလိပ်တို့မှ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူ ကြက်တောင်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။ 

 

ချမ်းသာ(မိတ္ထီလာ)