ရန်ကုန် ၃၁ မတ်
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန် ထမ်းဦးစီးဌာနနှင့် University of Wolverhampton (UK) ၊ With Love All Things Are Possible Charity(UK) နှင့် မြန်မာနိုင်ငံ အထူးပညာရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အထူးဂရုပြုရန် လိုအပ်သောကလေးများအား လေ့ကျင့်သင်ကြားရေး ဆရာဖြစ်သင်တန်း (Level-1) အပတ်စဉ်(၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရွှေဂုံတိုင်လမ်း တော်ဝင်နှင်းဆီခန်းမ၌ ယနေ့ညနေ ၄ နာရီက ကျင်းပသည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန အရှေ့ပိုင်းခရိုင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာခါက “ကလေးများဟာတန်ဖိုးရှိတဲ့ ကလေးများဖြစ်ကြပါတယ်၊ သို့သော် တချို့ကလေးများမှာ အထူးဂရုပြုစောင့်ရှောက်ရန် လိုအပ်တဲ့၊ ဖွံ့ဖြိုးမှုများနှောက်နှေးနေတယ်၊ အဲဒီလိုခံစားနေရတဲ့ကလေးများအတွက် ချစ်ခင်ကြင်နာမှုအခြေခံပြီး ပြုစုပျိုးထောင်ပေးဖို့တက်ရောက်သင်ယူတဲ့ ဆရာ/ဆရာမ များကို အထူးကျေးဇူးတင်ပါတယ်၊ ဒီသင်တန်းမှများစွာအကျိုးရှိစေပါတယ်၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဉာဏ်ရည်မသန်စွမ်းကလေးများစွာ ရှိနေတာတွေ့ရပါတယ်၊ မြန်မာနိုင်ငံအထူးပညာရေးအသင်းကို ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ပြီး အထူးသဖြင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့ကြီးများတွင်သာ နိုင်ငံတော်မှဖွင့်လှစ်ပေးသည့် ပုဂ္ဂလိကသင်တန်းကျောင်းမှာ ဉာဏ်ရည်မသန်စွမ်းတဲ့ အထူးဂရုပြုရန်လိုအပ်သော ကလေးများအတွက် ကျောင်းပေါင်း ၄၀ကျော်ရှိနေပြီး၊ Pre-Level၊ Level-1 နှင့် Level-2 သင်တန်းများမှ ဆရာ/ဆရာမပေါင်း တစ်ထောင်ကျော်ကို သင်ကြားမွေးထုတ် ပေးခဲ့ပြီး ဖြစ်ပါတယ်၊ ယခင်က ဉာဏ်ရည်မသန်စွမ်း ကလေးဦးရေဟာ လူတစ်ထောင်လျှင် တစ်ဦးသာရှိခဲ့သော်လည်း၊ ယခုအခါ လူ(၆၈)ဦးလျှင် တစ်ဦး နှုန်းအထိ တိုးပွားနေပါတယ်၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဉာဏ်ရည် မသန်စွမ်းကလေးများအတွက် ကျောင်းများ ထပ်မံဖွင့်လှစ်ရန် လိုအပ်နေကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အထူးပညာရေးအသင်း ဥက္ကဋ္ဌ ဦးထာအုပ်နှင့် ဒုဥက္ကဋ္ဌ ဒေါက်တာတင်မဖြူတို့က သင်ရိုးများကို တန်ဖိုးထားစေလိုပါကြောင်း ပြောကြားပြီး၊ နည်းပြဆရာမ ဒေါ်ရီဝေလင်းက တက်ရောက်သူများကို အားပေးစကားပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး အလှူငွေ ပေးအပ်သူတစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်သည်။
ဆက်လက်၍ မြန်မာနိုင်ငံအထူးပညာရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးတင့်လွင်ဦး က ကျေးဇူးတင်စကားပြောကြားရာတွင် တိုင်းဒေသကြီးများ၏ မြို့ကြီးများသွားခဲ့ပြီး နောက် ခရိုင်မြို့များတွင် လိုအပ်သည့် မြို့နေရာများမှ ဖိတ်ခေါ်ပါက Pre သင်တန်းနှင့် Level Level -1 သင်တန်းများကို ဖွင့်လှစ်ပေးရန်နှင့်၊ နိုင်ငံတော်အဆင့် ဖိုရမ်တစ်ခုကို ကျင်းပသွားရန်ရှိကြောင်း၊ Wolverhampton (UK) တက္ကသိုလ်မှ သင်ရိုးများကို ပြင်ဆင်ထပ်တိုးခွင့်ပြုထားပြီးဖြစ်ကြောင်း ပြောကြားသည်။
မသန်စွမ်းများ၏ အခွင့်အရေးအတွက် ၂၀၁၅ ခုနှစ်ဥပဒေနှင့် ၂၀၁၇ ခုနှစ် နည်း ဥပဒေများထွက်ခဲ့ပြီး၊ လူ့အခွင့်အရေးအရ မသန်စွမ်းကလေးများအတွက် မွေးရာပါ ပညာသင်ကြားခွင့်ကို ဖြည့်ဆည်းပေးနိုင်ရန်မှာ အားလုံးမှာ တာဝန်ရှိကြောင်း သိရသည်။
ဉာဏ်ရည်မသန်စွမ်းကလေးများမှာ အော်တစ်စင်၊ Down syndrome နှင့် မာဆယ်၊ CP စသည်ဖြင့် ကွဲပြားစွာရှိနိုင်ပြီး သင်ကြားမှုမှာလည်း ကွဲပြားသည်။
(သတင်းစဉ်)


