ခင်လှိုင်ကြူ

“စိတ်မကောင်းလိုက်တာ.. စိတ်မကောင်းလိုက်တာ” သည်စကားစုကိုပင် ကျွန်မ အကြိမ်ကြိမ် ရေရွတ်နေမိသည်။

အတွေးအမြင်စာစောင်ကို ဆရာမောင်ဝံသ မရှိတော့သော်လည်း ဆက်လက်ရှင်သန်စေရန် အားထုတ်ကြိုးပမ်းခဲ့သူ၊ ဆရာ၏ ချစ်ဇနီး ဒေါ်မြင့်မြင့်(သီရိဝံသ) ဆုံးသည့် သတင်းသည် နွေခေါင်ခေါင်မှာ မိုးကြိုးပစ်သံ ကြားလိုက်ရသလို ကျွန်မအကြီးအကျယ် တုန်လှုပ်သွားမိသည်။ စိတ်ထိခိုက် မိပါသည်၊ နှမြောတသ ကြေကွဲဝမ်းနည်းရပါသည်။

အတွေးအမြင်မှာ ကျွန်မရေးဖြစ်သည်မှာ ဆရာ မောင်ဝံသ၏ တိုက်တွန်း ချက်ကြောင့် ဖြစ်ပါသည်။ ဆရာက သူ့အတွေးအမြင်မှာ ရေးပေးဖို့ပြောတော့ ကျွန်မ လက်တွန့်မိသည်။ ကျွန်မနားလည်ထားသည်မှာ အတွေးအမြင်က ကျွန်မ အရေးအသားနှင့် လိုက်ဖက်သည်မဟုတ်။ ကျွန်မက ဝတ္ထုရေးသူ၊
ဆောင်းပါးတို့၊ အက်ဆေးတို့ ရေးလေ့ရှိသူမဟုတ်။ ရေးတတ်သူမဟုတ်။ သည့်ထက် အတွေးအမြင်မှာ ရေးနေကြသည်မှာ အများအားဖြင့် ပညာရှင်များ ဖြစ်ကြသည်။ ဒဿနတွေ၊ အယူအဆတွေကို အထောက်အထား အချက် အလက်တွေနှင့် ရေးကြသည်ကို ဖတ်နေရသည့်အတွက် ဝတ္ထုသာရေး တတ်သော “ကျွန်မအရေးအသားက အဆင်မပြေ” ဟု ယူဆ၍ ကျွန်မဆရာ့ကို ငြင်းပါသည်။

အတွေးအမြင် ဆက်လက်ရှင်သန်စေလို

ဆရာက ရေးပါဟု တိုက်တွန်းပြန်တော့ ဆရာ့ကိုအားနာပြီး ရေးဖြစ်ခဲ့ သည်။ အဆင်ပြေပါ့မလားဟု စိုးရိမ်မိသည်။ ဆရာက လိုလိုလားလား တိုက်တွန်းတော့ ရံဖန်ရံခါ ဆိုသလို ရေးဖြစ်ခဲ့သည်။ ဆရာကွယ်လွန်သွားတော့ ဆရာ့ဇနီးက အတွေးအမြင်ကို အသက်ဆက်ရှင်သန်စေလိုသည့်အတွက် ရေးပေးပါ ဆိုပြန်သည်။ ကျွန်မဆက်ရေးဖြစ်သည်။ ဆရဂူအတွေးအမြင် ဆက်လက်ရှင်သန်ဖို့ တစ်တပ်တစ်အားအနေဖြင့် ရေးခဲ့သည်။ ဆက်တိုက် ရေးနိုင်သမျှ ရေးဖြစ်အောင် ကြိုးစားခဲ့သည်။ အဓိကမှာ ဆရာ့ဇနီးသည် မြင့်မြင့်၏ အတွေးအမြင် ဆက်လက်ရှင်သန်စေလိုသည့် စေတနာကို အသိအမှတ်ပြု လေးစားသည့်အတွက် ဖြစ်ပါသည်။

ကျွန်မနှင့် မြင့်မြင့်က ကျောင်းနေဖက် သူငယ်ချင်းတော့ မဟုတ်ပါ။သို့သော်လည်း ကျွန်မတို့ သူငယ်ချင်း ဖြစ်ခဲ့ကြပါသည်။ ယုံကြည်ချက်တူသူ ရဲဘော်ရဲဘက်များကျွန်မခင်ပွန်းသည် ကွယ်လွန်သွားသည့်အချိန်မှာ ခင်ပွန်းသည်နှင့် ယုံကြည်ချက်တူသူ ရဲဘော်ရဲဘက်များနှင့် သူတို့၏ ဇနီးသည်များက စာနာစိတ် ဖြင့် အားပေးနှစ်သိမ့်ကြသည်။ သည်အထဲမှာ ခင်ပွန်းသည်နှင့်အတူ ရန်ကုန် တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုမှာ အတူတိုက်ပွဲဝင်ခဲ့သည့် သူငယ်ချင်း၊ နောက်ဆုံး ကွယ်လွန်သည့်အချိန် ထောင်ထဲမှာ အတူနေခဲ့ကြသည့် ဆရာ မောင်ဝံသက ကျွန်မကို ပိုပြီး သံယောဇဉ်ရှိသည်၊ အားပေးသည်။ ကူညီသည်။ မိန်းမချင်းဖြစ်သည့် မြင့်မြင့်ကတော့ ပြောဖွယ်မရှိ။ ကိုယ်ချင်းစာစိတ်၊ ကြင်နာစိတ်ဖြင့် ကျွန်မကို အားပေးခဲ့သည်။ သည်ကတည်းက ကျွန်မတို့ သူငယ်ချင်း ဖြစ်ခဲ့သည်။

ဆရာမောင်ဝံသ ကွယ်လွန်သွားသည်။ ကျွန်မတို့ ဘဝတူ ဖြစ်သွားသည်။ သူနှင့်ကျွန်မ တစ်ခါတစ်ရံဒေါင်းစာပေအိမ်မှာ လူချင်းဆုံဖြစ်သည်။ မိတ်ဖက် ဖြစ်သူတို့၏ ကိစ္စကြီးငယ်ရှိလျှင် အတူသွား အတူလာ လုပ်ခဲ့ကြသည်။ အထူး သဖြင့် ညဘက်များမှာ ဖုန်းဆက်ပြီး စကားတွေ ပြောဖြစ်ကြသည်။ အထီးကျန် ဆန်သောဘဝ၏နေ့ရက်များကို စကားစမြည် ပြောရင်း ဖြေဖျောက်ခဲ့ကြသည်။ ရွယ်တူချင်း၊ ဘဝတူချင်း၊ အတွေးတူသူချင်း စကားစမြည်ပြောရသည့် အရသာကို ကျွန်မတို့ ခုံမင်ခဲ့ကြသည်။

နည်းတဲ့သတ္တိမဟုတ်

အတွေးအမြင်ကို ဆရာမောင်ဝံသက ၁၉၈၄ခုနှစ် အောက်တိုဘာလမှာ ဦးစီးထုတ်ဝေခဲ့သည်။ အဲဒီကတည်းက မြင့်မြင့်ဆိုသည့် ဆရာ့ဇနီးက သီရိဝံသအမည်နဲ့ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ဆရာမောင်ဝံသက နိုင်ငံရေးလောကမှာ လှုပ်ရှားဆောင်ရွက်နေချိန် ကာလတစ်လျှောက် နောက်ပိုင်းက မိသားစုတာဝန်အပြင် အတွေးအမြင် ပုံမှန်ထွက်နိုင်ဖို့ အများကြီး ပံ့ပိုးပေးခဲ့သည့် ပါရမီဖြည့်ဖက် ဇနီးတစ်ယောက် ဖြစ်ခဲ့သည်။ ဆရာ အဖမ်းခံရပြီး ထောင်ထဲရောက်ချိန်မှာလည်း အတွေးအမြင် ရပ်မသွားအောင် သူလုပ်နိုင်ခဲ့သည်။ အလွန်ပင်ပန်းသည့်အလုပ်။ အာဏာပိုင်တွေ၏ အငြိုအငြင်ကို အန်တုပြီး ဖြစ်အောင်လုပ်ရသည်မှာ နည်းတဲ့သတ္တိမဟုတ်။
ဆရာမောင်ဝံသ မရှိတော့သည့်အချိန်၊ မမျှော်လင့်ဘဲ မှီခိုရာ၊ အားထားရာ လက်တွဲဖော် မရှိသည့်အချိန်၊ အားအင်ကုန်ခန်းလို့ ခြေကုန်လက်ပန်းကျနေ သည့်အချိန်မှာ သူ့ကိုယ်သူ ထောင်မတ်ပြီး ခင်ပွန်းသည် တန်ဖိုးထားသည့် အတွေးအမြင်၊ စာဖတ်ပရိသတ်တွေ တန်ဖိုးထားသည့် အတွေးအမြင်ကို ဆက်လက်ရှင်သန်အောင် သူလုပ်ခဲ့သည်။ လုပ်နိုင်ခဲ့သည်။ ချီးကျူးစရာပါ။

တစ်ခါတလေ ကျွန်မက စာမူပို့ရမယ့်ရက်ကို မေ့လျော့နေသည့်အခါ၊ အဆင်သင့် ရေးစရာမရှိသေးလို့ဈေးဆစ်သည့်အခါ အတွေးအမြင် မရပ်စေချင်လို့ သူအပင်ပန်းခံပြီး လုပ်နေတာကို ပေါ့ပေါ့တန်တန် သဘောထားရကောင်း လားဆိုသည့်သဘော သူငယ်ချင်းပြော ပြောတတ်သည်။ သူအတွေးအမြင်ပေါ်မှာ အလေးအနက်ထားသည်ကို ကျွန်မနားလည်ပါသည်။ သူ ပြောလေ့ရှိပါသည်။

“ကိုယ်အသက်ရှင်နေသရွေ့တော့ အတွေးအမြင် မရပ်အောင် ဆက်လက် ရှင်သန်နေအောင် လုပ်သွားမှာပဲ”တဲ့။ “ အခု သူ မရှိတော့ပြီ။ သမီးကြီးထိုက် ရေးထားသည်ကို ဖတ်လိုက်ရသည်။ သူက အတွေးအမြင်ကို ဆက်လက်တာဝန်ယူ လုပ်သွားမယ်တဲ့။ မိဘရဲ့ စာပေတာဝန်ကို ဆက်လက်ထိန်းသွားမယ်ဆိုတဲ့သဘောပေါ့။
အခြေအနေအရ အတွေးအမြင် ယာယီရပ်ဆိုင်းထားသည့်အချိန်မှာ သူ့ဆီမှာ ကျွန်မရဲ့ စာမူနှစ်ခုရှိပါသည်။ တစ်ခုက တောင်နှင့် ပတ်သက်သည့် အကြောင်း၊ တစ်ခုက ချောင်းနှင့် ပတ်သက်သည့်အကြောင်း၊ သူက နောက် တစ်ပုဒ်ဆိုရင် တောနဲ့ပတ်သက်တာ ရေးတဲ့။ အခုတော့ တောနဲ့ ပတ်သက်တာ မရေးရဘဲ သူ့အကြောင်း ရေးနေရပြီ။

သူငယ်ချင်း မြင့်မြင့်ရေ ••• မိသားစု ဝတ္တရားကျေတဲ့ အမေ၊ စာပေဝတ္တရားကျတဲ့ ဒေါင်းမိခင်၊ စိတ်ကောင်းရှိတဲ့ အမျိုးသမီး၊ သဘောထား ပြည့်တဲ့ မိန်းမမြတ်၊ ကိုယ်ချစ်တဲ့ သူငယ်ချင်း... မြင့်မြတ်တဲ့ဘုံမှာ အေးချမ်းစွာ နားနေပါတော့။ - သံသရာတစ်ကွေ့မှာ အခုလိုပဲ သူငယ်ချင်း သို့မဟုတ် ညီအစ်မအဖြစ်နဲ့ ချစ်ခင်စွာ ပြန်ဆုံချင်ပါသေးတယ်။ အဲဒီ အခါမှာတော့ ကိုယ်တို့တွေ ခက်ခဲ ကြမ်းတမ်းတဲ့ဘဝတွေနဲ့ မဟုတ်ဘဲ သာယာအေးချမ်းတဲ့ဘဝတွေ ပိုင်ဆိုင်ချင် ပါတယ်။ ။