အတိုက်အခံ သမ္မတနဲ့ လက်ရှိ သမ္မတတို့ အားပြိုင်မှုကြောင့် ဗင်နီဇွဲလားပဋိပက္ခ ကမ္ဘာ့အရေးမှာ သက်ဝင်လှုပ်ရှားလာ

၅  ဖေဖော်ဝါရီ

 

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုက သူ့ကိုယ်သူ ယာယီသမ္မတအဖြစ်ကြေညာပြီးနောက်မှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်ပေးဖို့ ဥရောပနိုင်ငံတွေက ပေးပို့လိုက်တဲ့ ရာဇသံကို လက်ရှိသမ္မတ နီကိုလပ်မာဒူရိုက ပယ်ချလိုက်တယ်လို့ လတ်တလောနိုင်ငံတကာသတင်းတွေမှာ တွေ့လိုက်ရပါတယ်။

 

ဗင်နီဇွဲလားနိုင်ငံမှာ သမ္မတအပြောင်းအလဲအခြေ အနေဟာ ကမ္ဘာ့အရေးမှာ သက်ဝင်လှုပ်ရှားစေပါတယ်။ ဗင်နီဇွဲလားအရေးဟာ လွယ်မယောင်နဲ့ ခက်သလို တိမ်မယောင်နဲ့ နက်နေတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။ လက်တင် အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလားနိုင်ငံဟာ စီးပွားရေး ယိုယွင်းလာမှုကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုက အစပြုလို့ နိုင်ငံအတွင်း ဆူပူအုံကြွမှုတွေ ဖြစ်လာခဲ့တာပါ။

 

အသိအမှတ်ပြုချင်

 

အတိုက်အခံဘက်က မိမိကိုယ်မိမိ သမ္မတအဖြစ် ကြေညာသူ ဂျူအန်ဂွိုက်ဒိုကလည်း သမ္မတမာဒူရို လက်ထက်မှာ စီးပွားရေးကျဆင်းတယ်လို့ထင်ကာ နိုင်ငံ့အခြေအနေမှာလည်း ရုပ်လုံးမကြွဖြစ်နေတယ်လို့ သုံးသပ်နေသလို ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကိုလည်း သဘောကျဟန်မတူပါဘူး။ တစ်ဖက် မာဒူရိုကလည်း သူသာလျှင် တိုင်းပြည်ရဲ့ သမ္မတ၊ သူသာလျှင် ရွေးကောက်ပွဲနိုင်ခဲ့သူဟုဆိုကာ ၂၀၂၅ မတိုင်မီအထိ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပမယ့် အရိပ်အယောင်တောင် မပြခဲ့ပါဘူး။ ဗင်နီဇွဲလားရဲ့ နှစ်ဖက်တင်းမာနေတဲ့ အခြေအနေထဲကို အခုတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဝင်ရောက်လာပြီဖြစ်ပါတယ်။ အတိုက်အခံ သမ္မတအဖြစ် ကြေညာသူ ဂျူအန်ဂွိုက်ဒိုကို အမေရိကန် သမ္မတကထောက်ခံခဲ့သလို နိုင်ငံခေါင်းဆောင် အတော်များများကလည်း ထောက်ခံခဲ့တယ်လို့ သိရပါတယ်။ ထို့အတူ ဂျူအန်ဂွိုက်ဒိုကလည်း နိုင်ငံတကာအသိုင်းအဝိုင်းက သူ့ကိုထောက်ခံပေးဖို့ လိုလားနေမှာပဲ ဖြစ်ပါတယ်။

 

အခုလတ်တလောမှာတော့ ဥရောပခုနစ်နိုင်ငံက မာဒူရိုကို လာမယ့်တနင်္ဂနွေနေ့မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ နောက်ဆုံးရက်သတ်မှတ် တောင်းဆိုခဲ့သလို သက်တမ်း ၃၅ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသားလွှတ်တော်ရဲ့ ဥက္ကဋ္ဌအဖြစ် သူ့ကိုယ်သူ သမ္မတအဖြစ် ကြေညာထားတဲ့ ဂျူအန်ဂွိုက်ဒိုကို အသိအမှတ်ပြုချင်နေတယ်လို့ ဆိုပါတယ်။

 

အလျှော့ပေးမှာ မဟုတ်

 

ဥရောပနိုင်ငံအချို့ရဲ့ တောင်းဆိုမှုကို ပြောင်ပြောင်တင်းတင်း ဖီဆန်ထားတဲ့ မာဒူရိုက စပိန်ရုပ်မြင်သံကြားတစ်ခုရဲ့ အင်တာဗျူးမှာ သူ့ကို နုတ်ထွက်ပေးဖို့ တောင်းဆိုနေတဲ့သူတွေအပေါ် အလျှော့ပေးသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

 

“ဘာကြောင့်များ ဥရောပသမဂ္ဂက ရွေး ကောက်ပွဲကျင်းပပြီးတဲ့ ကမ္ဘာ့နိုင်ငံတစ်နိုင်ငံကို ထပ်ပြီး ရွေးကောက်ပွဲပြုလုပ်ဖို့ ပြောနေတာပါလိမ့်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ မဟာမိတ်တွေ မနိုင်လို့ထင်တယ်”ဟု မာဒူရိုက ပြောပါတယ်။

 

“သူတို့တွေက ကျုပ်တို့ကို ရာဇသံတွေပေးပြီး ထိပ် တိုက်တွေ့ဆုံမှုတွေ ဖြစ်နေအောင် လုပ်နေတာလား”လို့လည်း မာဒူရိုက ထပ်မံပြောလိုက်ပါတယ်။

 

တရားမဝင်ဘူး

 

ပြီးတော့လည်း မာဒူရိုက သူ့ကိုယ်သူ ဗင်နီဇွဲလားသမ္မတအဖြစ် ကြေညာထားသူ ဂွိုက်ဒိုကို မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းလိုက်ပါတယ်။ သို့သော်လည်း ဂွိုက်ဒိုက သူ့ရဲ့ကမ်းလှမ်းချက်ကို ရှေးမတိုင်မီကပဲ ငြင်းဆန်ထားတယ် လို့ သိရပါတယ်။

 

ဂွိုက်ဒိုက မာဒူရိုရဲ့သမ္မတဖြစ်မှုဟာ တရားမဝင်ဘူးလို့ ပြောလိုက်ပါတယ်။ ပြစ်ချက်များနဲ့ ပြည့်နေတဲ့ ရွေးကောက်ပွဲကြောင့်လို့ ဆိုပါတယ်။ ပြီးတော့ ဂွိုက်ဒိုက အစိုးရတစ်ရပ်ပြောင်းလဲဖို့နဲ့ ရွေးကောက်ပွဲသစ်လုပ်ပေးဖို့ တောင်းဆိုထားပါတယ်။

 

ကူညီပါဦး

 

အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဩစတြေးလျနဲ့ များစွာသော လက်တင်အမေရိကနိုင်ငံ များကပါ နိုင်ငံခေါင်းဆောင် အဖြစ် အသိအမှတ်ပြုထားတဲ့ ဂွိုက်ဒိုဟာ တပ်မတော်ကိုလည်း စီးပွားရေးကြောင့် နာလန်မထူနိုင်တဲ့ နိုင်ငံကို ကူညီဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

 

မိမိတို့ရဲ့ အာဏာကို ပဋိပက္ခအကျပ်အတည်း တွေ ဖြေရှင်းတဲ့နေရာမှာ ကျင့်သုံးဖို့လိုကြောင်း။ ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းရမှာဖြစ်ပြီး လွတ်လပ်ရေးရအောင် စွမ်းဆောင်ရမှာဖြစ်ကြောင်း သူက ဖေဖော်ဝါရီ ၃ ရက်က တွစ်တာမှာ ပြောခဲ့ ပါတယ်။

 

အမေရိကန်ပြည်ထောင်စုက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းတွေရောက်ရှိ လာမယ့်ရက်ကို သူ့အနေနဲ့ ပြောကြားသွားမယ်လို့ လည်း မျှော်လင့်ထားပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ လူပေါင်းသုံးသိန်းလောက် အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာပစ္စည်းတွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

 

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မှာကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရေနံ နဲ့ချမ်းသာတဲ့ နိုင်ငံတွေအနက် ဆင်းရဲတွင်းနက်နေတဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာကြားဝင်မှုတွေ ဆောင်ရွက်မယ့် သဘောရှိပါတယ်။

 

ဂွိုက်ဒိုနဲ့အတူ

 

အမေရိကန် ဒုသမ္မတ မိုက်ပန့်စ်ကလည်း ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂျူအန် ဂွိုက်ဒိုကို ဗင်နီဇွဲလားသမ္မတအဖြစ် ကမ္ဘာ့နိုင်ငံ အားလုံးကအသိအမှတ်ပြုပေးဖို့နဲ့ လွတ်မြောက်ရေးဘက်မှာ ရပ်တည်ကြဖို့ အမေရိကန်ပြည် ထောင်စုက တိုက်တွန်းကြောင်း ပြောကြားလိုက်ပါသေးတယ်။

 

နိုင်ငံရေးတင်းမာမှုတွေ တစ်နေ့တခြား မြင့်မားလာတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ လက်ရှိသမ္မတ နီကိုလပ်မာဒူရိုနဲ့ ကြားဖြတ်သမ္မတအဖြစ် ကြေညာခဲ့သူ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုတို့ရဲ့ အာဏာယှဉ်ပြိုင်မှုဟာ တစ်နေ့တခြား ကြီးမားလာနေတယ်ဆိုတာ ငြင်းမရပါဘူး။

 

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်ဘက်မှာ ရပ်တည်နေကြောင်း အမေရိကန် ဒုသမ္မတ မိုက်ပန့်စ်က ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။ ထို့အတူ ဗင်နီဇွဲလားနိုင်ငံမှာ လွတ်လပ်မှု ပြန်လည်ရရှိလာတဲ့ အထိ အမေရိကန်အစိုးရအနေနဲ့ ဗင်နီဇွဲလား ပြည်သူတွေနဲ့အတူ ရပ်တည်သွားမှာဖြစ်ကြောင်း ဒုသမ္မတ မိုက်ပန့်စ်က ဆိုပါတယ်။

 

ထိပ်တန်းလေတပ်ဗိုလ်ချုပ်ကြီးတစ်ဦး ဂွိုက်ဒို ဘက်မှာ ရပ်တည်ကြောင်း လူသိရှင်ကြားကြေညာ ပြီးနောက် ဖေဖော်ဝါရီ ၃ ရက် အစောပိုင်းမှာ မာဒူရိုက စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေကို နိုင်ငံရဲ့ကမ်းရိုးတန်းအရှေ့မြောက်မှာ စစ်ရေးလေ့ကျင့်မှု လုပ်ဖို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အတိုက်အခံ အုပ်စုက “နိုင်ငံကို နိုင်ငံခြားသားလွှမ်းမိုးမှုနဲ့ ပြိုကွဲအောင်လုပ်နေတယ်”လို့ မာဒူရိုက တပ်ဖွဲ့ဝင်တွေကို ပြောခဲ့ပါတယ်။

 

ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ စပိန်နိုင်ငံစသည် တို့ပါဝင်တဲ့ ဥရောပခုနစ်နိုင်ငံက မာဒူရိုကို ရွေးကောက်ပွဲ ပြုလုပ်ပေးဖိ်ု့ ရှစ်ရက်တာ အချိန်ပေးခဲ့ပါတယ်။ ရှစ်ရက်အတွင်းမှာ ရွေးကောက်ပွဲမပြုလုပ်ပေးဘူးဆိုရင် ဂျူအန်ဂွိုက်ဒိုကို မာဒူရိုနေရာမှာ အစားထိုးမယ်လို့ ပြင်သစ်နိုင်ငံရဲ့ ဥရောပရေးရာ ဝန်ကြီးနာတာလီလွိုက်ဆီက ပြင်သစ်မီဒီယာကို ပြောခဲ့ပါတယ်။

 

အားပြိုင်မှု

 

မာဒူရိုရဲ့ အရင်နောင်တော်ကြီး ဟူဂိုချာဗက် နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ပါတယ်။ မာဒူရိုလက်ထက်မှာ နိုင်ငံဟာ စီးပွားရေးနဲ့ ပတ်သက်ပြီး ယိုယွင်းလာခဲ့ပါတယ်။ စီးပွားရေးယိုယွင်းလာတဲ့ ဗင်နီဇွဲလားနိုင်ငံဟာ ကုန်ဈေးနှုန်းတွေ ခေါင်ခိုက်အောင် ကြီးလာပြီး အစားအစာတွေနဲ့ ဆေးဝါးတွေလည်း ပြတ်တောက်ခဲ့ပါတယ်။

 

အခုတော့ အတိုက်အခံသမ္မတနဲ့ လက်ရှိ သမ္မတတို့ရဲ့ အားပြိုင်မှုဟာ ဘယ်သူနိုင်လို့ ဘယ်သူရှုံးမလဲ ဆိုတာတော့ လေ့လာစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဂျူအန်ဂွိုက်ဒိုကတော့ နိုင်ငံကို ပြောင်းလဲချင်သူတစ်ယောက် ဖြစ်လေတော့ သူသာသမ္မတဖြစ်ခဲ့မယ်ဆိုရင် ဗင်နီဇွဲလားနိုင်ငံကြီး ဘယ်လိုများဖြစ်လာမလဲဆိုတာ သိချင်နေမိပါတယ်။

 

ကိုးကား-အေအက်ဖ်ပီ