မောင်လွှား(ပညာရေး)

 

"လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဖ" ဟူသောစကားအတိုင်း မိဘများသည် သားသမီးများ၏ လက်ဦးဆရာများ ဖြစ်ကြသည်။ မိဘများသည် သားသမီးများကို ရပ်နိုင်ရန်၊ တစ်လှမ်းနှစ်လှမ်း လှမ်းနိုင်ရန်၊ ဖေဖေ မေမေ ခေါ်တတ်ရန်စသည့် အပြောအဆို အပြုအမူများကို ပထမဆုံးသင်ကြားပေးကြသည်။ ကျောင်းနေအရွယ်တွင်လည်း မိမိတို့၏သားသမီးများကို စာပေတတ်မြောက်ရန် ကျောင်းထားကာ ပညာသင်ကြားစေသည်။

 

ငယ်ရွယ်နုနယ်သော သားသမီးများသည် “အတုမြင် အတတ်သင်” ဟူသောစကားအတိုင်း မိဘများထံမှ နေ့စဉ် အပြောအဆို အပြုအမူများကို ကြည့်၍ သင်ယူကြသည်။ ထိုအခါ မိဘများက သားသမီးများ၏ သင်ယူမှုကို သတိမထားဘဲ အမှုမဲ့အမှတ်မဲ့နေကြသည်။ ကောင်းသောအပြုအမူများ သင်ယူခြင်းသည် မွန်မြတ်လှသော်လည်း မကောင်းသော အပြုအမူများ သင်ယူခြင်းကိုမူ သတိထား တားမြစ်သင့်ပေသည်။

 

မိဘများသည် မိမိတို့၏သားသမီးများကို ကျောင်းဆင်းချိန်၊ ကျောင်းပိတ်ချိန်များတွင် လက်တိုလက်တောင်း အလုပ်များကို ခိုင်းကြသည်။ ထိုသို့ အလုပ်ခိုင်းရာတွင် သားသမီးများကိုခိုင်းရန် သင့်လျော်၏ မသင့်လျော်၏ကို မစဉ်းစားဘဲ ပြုလုပ်ခိုင်းကြသည်။ ထိုအခါ သားသမီးများသည် မသင်ယူအပ်သည့်အရာများကို သင်ယူမိ၍ အသက်အရွယ်ကြီးလာ သော်လည်း လူ့လောကအလယ်တွင် လူရာမဝင်ဖြစ်ကြရသည်။ ထို့အပြင် လူအများ၏ကဲ့ရဲ့ ရှုတ်ချမှုကိုပါ ခံကြရသည်။

 

ကျွန်တော်နေထိုင်သော ပတ်ဝန်းကျင်တွင် တွေ့ကြုံခဲ့ရဖူးသည့် ကျွန်တော့်သူငယ်ချင်း၏ အဖြစ်အပျက်ကို တင်ပြလိုပါသည်။ ကျွန်တော်၏ သူငယ်ချင်းဆိုသော်လည်း သူသည် ကျွန်တော့်ထက် သုံးနှစ်မျှ ငယ်ပါသည်။ သူ ငယ်စဉ်ကတည်းက ကျောင်းဆင်းလျှင် သူ့အဖေခိုင်းသည့် အရက်ဝယ်သော အလုပ်ကို လုပ်ရသည်။ ညနေတိုင်း လွယ်အိတ်တစ်လုံးကို စလွယ်သိုင်းကာ ရွာထိပ်ရှိ အရက်ဆိုင်သို့ သွား၍ဝယ်ရသည်။ သူဝယ်ပေးရသော အရက်မှာ တောအရက်ပင်ဖြစ်သည်။ ညနေတိုင်း အရက်ဝယ်ပေး၍ သူ့အဖေပေးလိုက်သော ပုလင်းအခွံထဲတွင် ညဦးကကျန်သော အရက်အကြွင်းကျန်များကို သူသောက်ရကြောင်း၊ အလွန်ကောင်းကြောင်း ကျွန်တော့်အား ပြောပြလေ့ရှိသည်။

 

ထိုအချိန်က အသက်အရွယ်ငယ်သော ကျွန်တော်လည်း သူပြောသော အလွန်ကောင်းသည့်အရာကို သောက်ချင်မိ၍ သူနှင့်အရက်ဝယ် လိုက်သွားဖူးသည်။ သို့သော် ပုလင်းထဲတွင်မကျန်သောကြောင့် မသောက်ရပေ။ ညနေတိုင်း အရက် ဝယ်သွားရသော သူငယ်ချင်းနောက်သို့ ကျွန်တော့် မိဘများ၏ တားဆီးဆုံးမမှုကြောင့် လိုက်ခွင့်မရတော့ပေ။

 

ကောက်ပဲသီးနှံ များ ရောင်းချသောနေ့၊ ချေးငွေထုတ်ရသောနေ့ စသည့်အခွင့်သာသောနေ့များတွင် သူ့အဖေနှင့်အတူ မြို့သို့လိုက်၍ သူ့အဖေအရက်သောက်လျှင် သူအမြည်းစားရကြောင်း၊ တစ်ခုခုစားရကြောင်း ပြောပြလေ့ရှိသည်။ ထိုသို့ ငယ်ရွယ်စဉ် ကတည်းက အဖေဖြစ်သူအား ညနေတိုင်း အရက်ဝယ်ပေးရခြင်း၊ အဖေဖြစ်သူနှင့် အရက်ဆိုင်သို့ မကြာခဏလိုက်ပါခြင်း ကြောင့် အရက်နှင့် ယဉ်ပါးခဲ့သည်။ ထို့ကြောင့် ယခုတွင်မူ သူငယ်ချင်းဖြစ်သူမှာ အတန်းပညာများတတ်သော်လည်း အရက်မသောက်ရလျှင် မနေနိုင်သော အရက်၏ကျေးကျွန်ဘဝသို့ ရောက်ရှိခဲ့သည်။ ထိုသို့ သားသမီးများ၏ “အတုမြင် အတတ်သင်” သော အချိန်ကာလတွင်သာမက အခြားသောအချိန်ကာလတွင်လည်း မကောင်းသောအရာများနှင့် ရင်းနှီးမှု မရှိစေရန် အထူးဂရုစိုက်သင့်ပေသည်။

 

ထို့အတူ မိဘများသည် မိမိတို့သားသမီးများကို နှစ်လုံးထီထိုးခိုင်းခြင်း၊ ချဲထိုးခိုင်းခြင်း စသည့်မကောင်းသောအရာများ ကို မိမိဝါသနာထုံလျှင် မိမိကိုယ်တိုင်မပြုလုပ်ဘဲ သားသမီးများကို အလွယ်တကူ ခိုင်းစေကြသည်။ ထို့အပြင် သားသမီးများ ၏ရှေ့တွင် နှစ်လုံးတွက်ခြင်း၊ ချဲတွက်ခြင်းများကို ပြုလုပ်ကြသည်။ ထိုအခါ သားသမီးများသည် "အတုမြင် အတတ်သင်" ဟူသောစကားအတိုင်း လူကြီးများကိုကြည့်ကာ လိုက်၍ပြုလုပ်ကြသည်။ နှစ်လုံးထီ၊ ချဲတို့ကို လိုက်ထိုးကြသည်။ အချို့သောမိဘများသည် မိမိတို့၏သားသမီး ကလေးငယ်များကို “ဘာဂဏန်းထိုးရမလဲ” ဟု ကပ်မေးကာ ထိုးကြ သည်။ ထို့သို့ ပြုလုပ်ခြင်းသည် သားသမီးများကို မကောင်းမှု၌ မွေ့လျော်အောင် ဆွဲဆောင်နေသကဲ့သို့ပင် ဖြစ်ပါသည်။ ထို့အခါ သားသမီးများသည် မကောင်းမှုလောင်းကစား၌ မွေ့လျော်ပျော်ပိုက်လာကြသည်။ ထို့သို့ပြုလုပ်ခြင်းသည် မှားယွင်းသော လုပ်ဆောင်မှုပင် ဖြစ်သည်။

 

ထို့အပြင် မိဘများသည် မိမိတို့၏သားသမီးများရှေ့တွင် စကားများခိုက်ရန်ဖြစ်ပွားလေ့ ရှိကြသည်။ ညစ်ညမ်းသော စကားများပြောဆိုကြသည်။ ထို့အတူ အကြောင်းအရာ တစ်ခုခုပေါ်မူတည်၍ ညစ်ညမ်းသောစကားများကို အမှတ်တမဲ့ ပြောထွက်မိကြသည်။ ထိုအခါ သားသမီးများသည် ညစ်ညမ်းသောစကားများကို တတ်မြောက်လာပြီး နှုတ်အမူအရာများ ရိုင်းပြလာကြသည်။ ထို့ကြောင့် မိဘများသည် မိမိတို့၏သားသမီးများရှေ့တွင် ရန်ဖြစ်စကားများခြင်း၊ ညစ်ညမ်းသောစကား များ ပြောဆိုခြင်းကို အထူးသတိထား ရှောင်ရှားသင့်ပေသည်။

မိဘအများစုသည် မခိုင်းသင့် မခိုင်းအပ်သည့် အလုပ်များကို ခိုင်းစေကြသည်။ ထို့အပြင် သားသမီးများ၏ ရှေ့တွင် မပြောသင့်သော ညစ်ညမ်းသော စကားများကို မစဉ်းစားပဲပြောကြသည်။ ထိုအခါ သားသမီးများမှာ မကောင်းသော အရာများ၌ မွေ့လျော်လာကြသည်။ ခိုင်းသင့်ခိုင်းအပ်သည့် အလုပ်များကို မခိုင်းကြပေ။ သားသမီးများ ဝင်ရောက်လုပ်ကိုင် သောအခါ အော်ဟစ်ငေါက်ငမ်းသည်ကို ကျွန်တော်ကိုယ်တိုင် တွေ့ကြုံခဲ့ရသည်။

 

ကျွန်တော် ငါးတန်းကျောင်းသားအရွယ် ကျောင်းကိုရောက်၍ အတန်းထဲ ဆရာ မဝင်သေးလျှင် သူငယ်ချင်းများက “ငါက ထမင်းချက်တတ်တယ်၊ ငါက နွားလှည်းမောင်းတတ်တယ်” စသည်ဖြင့် အပြန်အလှန် မော်ကြွားပြောဆိုကြသည်။ သို့သော် ကျွန်တော်သူတို့ကဲ့သို့ မလုပ်တတ်သောကြောင့် မော်ကြွားစရာ မရှိခဲ့ပေ။ ကျောင်းဆင်း၍ အိမ်ပြန်ရောက်သောအခါ အမေ ထမင်းချက်နေသည်ကိုကြည့်၍ “သားထမင်းချက်ပေးမယ်” ဟု ပြောသောအခါ “ငါ့သား မင်း မချက်တတ်ပါဘူး၊ ထမင်းအိုးပျက်သွားလိမ့်မယ်၊ အပူလောင်လိမ့်မယ် သွား ကိုယ့်အလုပ်ကိုလုပ်” ဟု အော်ဟစ်ကာ အငေါက်ခံခဲ့ရသည်။ ထိုအချိန်ကစ၍ ကျွန်တော့်စိတ်ထဲတွင် " ငါ မချက်နိုင်လောက်ဘူး၊ ငါ ချက်ရင် ထမင်းအိုးပျက်လိမ့်မယ်၊ အပူလောင် လိမ့်မယ်” ဟူသောအတွေးဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေကင်းမဲ့ကာ ထိုအလုပ်ကို ဘွဲ့ရသည့်အချိန်ထိ လုပ်ကိုင် တတ်ခြင်း မရှိခဲ့ပေ။

 

ထိုကဲ့သို့ မိဘများသည် သားသမီးများကို တတ်သင့်တတ်ထိုက်သော၊ ကောင်းသောအလုပ်များကို သင်ကြားပြသကာ ခိုင်းစေခြင်းမပြုဘဲ မကောင်းသောအလုပ်များကို မစဉ်းစားဘဲ ခိုင်းစေကြသည်။ ထိုအခါ ကလေးများသည် ကစားရာတွင် လည်း ကောင်းသောကစားနည်းများဖြင့် ကစားခြင်းမပြုတော့ဘဲ အတုမြင် အတတ်သင်ကာ နှစ်လုံးထီထိုးတမ်း၊ ချဲရောင်းတမ်း၊ ရန်ဖြစ်တမ်း ကစားကြသည်။ ထို့အပြင် ကလေးများဝိုင်းဖွဲ့၍ “ချီးယား” ဟု ဆိုကာ လူကြီးများပြုလုပ်သကဲ့သို့ ခွက်များကို လေထဲသို့မြှောက်၍တိုက်ကာ အရက်သောက်တမ်း၊ အရက်မူးသမားလုပ်တမ်းများ ကစားကြသည်။ ထိုကဲ့သို့ ကစားခြင်း သည် သားသမီးများ၏ နောင်အနာဂတ်အတွက် ကောင်းသောအလားအလာ မဟုတ်ပေ။

 

ထို့ကြောင့် မိဘများသည် နုနယ်ငယ်ရွယ်သော မိမိတို့သားသမီးများကို မကောင်းသောအလုပ်များ ခိုင်းစေခြင်း၊ သားသမီးများ၏ရှေ့တွင် ညစ်ညမ်းသောစကားများ ပြောဆိုခြင်းကို သတိထား၍ ရှောင်ရှားကြရမည်။ ထို့အတူ အတုယူသင့် ယူထိုက်သော ကောင်းသောအလုပ်များကို ပြုလုပ်စေခြင်း၊ ခိုင်းစေခြင်းဖြင့် ကောင်းမွန်စွာ ယဉ်ကျေးလိမ္မာအောင် ပြုစု စောင့်ရှောက်နိုင်ကြပါစေဟု ဆန္ဒပြုရေးသားလိုက်ပါသည်။ ။

 

 

ကြေးမုံ (မျိုးဆက်သစ်ရင်ပြင်)