အုတ်ဖို စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး အစည်းအဝေးခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် ယနေ့တွင် Google Spreadsheet အသုံးပြု၍ Data ထည့်သွင်းနည်း သင်တန်းကို ကျင်းပသည်။
အဆိုပါသင်တန်းကို ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုအားကောင်းလာစေရေးအတွက် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ၊ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုမှုဆိုင်ရာ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီရရှိစေပြီး လိုအပ်သော ကာကွယ်ကုသလုပ်ငန်းများနှင့် ကျန်းမာရေးဆိုင်ရာဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းပြီးမြောက်ပါက စောစီးစွာ သတင်းရယူခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းစနစ် (EWARS)၊ ကာကွယ်ဆေးထိုး လုပ်ငန်းသုံး ရေခဲသေတ္တာများ၏ အပူချိန် စောင့်ကြပ်ကြည့်ရှုမှု မှတ်တမ်း၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုစာရင်းနှင့် အန္တရာယ်ရှိသော ကိုယ်ဝန်ဆောင်များ၏ မှတ်တမ်း၊ ဆေးရသုံးကျန်စာရင်းများ စီမံခန့်ခွဲမှုမှတ်တမ်းတို့ကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)


