အုတ်တွင်း ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ မွမ်းမံသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ကျွဲပွဲမြို့ အမှတ်( ၂) ရပ်ကွက်ရှိ မရမ်းကျောင်း ဓမ္မာရုံ၌ ဖွင့်လှစ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်က မဲရုံမှူးသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးသူရမျိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဦးစီး အရာရှိဦးသူမျိုးက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား ၁၂၀၀ အား သတ်မှတ်ဇုန် အသီးသီးတို့တွင် ဇန်နဝါရီ ၁၀ ရက်နံနက်ပိုင်းက ကြက်သွန်ခင်း(၂) ရပ်ကွက်ရှိ ဗောဓိကုန်းကျောင်းတိုက်နှင့် ဥယျာဉ်တော်ကျေးရွာအုပ်စုရှိ ရွှေကျောင်းကုန်း ကျောင်းတိုက်တို့တွင်လည်းကောင်း၊ ယမန်နေ့နံနက်ပိုင်းက ကျွဲပွဲမြို့ အမှတ်(၂)ရပ်ကွက်ရှိ မရမ်းကျောင်းဓမ္မာရုံတွင် လည်းကောင်း မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းတာဝန်များ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)


