အုတ်တွင်း စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကတောင်သူများ ပြည်ပပို့ကုန်သီးနှံ ထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဝါးတီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝင်း၌ ပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေး/ မွေးမြူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင် က အုတ်တွင်းမြို့နယ်အနေဖြင့် သီးနှံစုံစိုက်ပျိုးပြီး စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ တစ်ဖက်တွင်လည်း စားသုံးသူများအတွက် အန္တရာယ် ဖြစ်စေနိုင်သည့် သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်း အာနိသင်လျော့ကျ ကင်းစင်စေရေးကို အထူးအလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ပ ပို့ကုန်သီးနှံ ထုတ်ကုန်များပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်စေရေး အားလုံးပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦးက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တောင်ငူခရိုင် သီးနှံကာကွယ်ရေး(မျိုး/မြေ) တာဝန်ခံက ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များ တွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ သီးနှံများတွင် ကျရောက်တတ်သော ပိုးမွှားနှင့် ရောဂါများအတွက် ဘက်စုံကာကွယ်နှိမ်နင်းရေးနည်းလမ်းများကို အသုံးပြု၍ ကာကွယ်နှိမ်နင်း နည်းများ၊ ပိုးသတ်ဆေး ရွေးချယ်မှုမှန်ကန်စေရေးနှင့် စနစ်တကျ ကိုင်တွယ်သုံးစွဲနည်းများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
ခင်ခင်မာ(ပြန်/ဆက်)


