နေပြည်တော် ၉ ဧပြီ
အူရီဒူးမြန်မာက ၁ မိနစ် ဖုန်းပြောတိုင်း ၁ ကျပ် လှူဒါန်းပေးမှု အစီအစဉ် ပြီးမြောက်ခြင်း အထိမ်းအမှတ်နှင့် ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကျိုးပြုလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည့် “ပညာကြွယ်ဝလူမှုဘဝ” အခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အူရီဒူးမြန်မာမှ CEO နှင့် အဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အူရီဒူးမြန်မာအနေဖြင့် မြန်မာနိုင်ငံ၏ လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ကူညီသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးကဏ္ဍများတွင် ကူညီထောက်ပံ့ ဖြည့်ဆည်းဆောင်ရွက်နေမှုများကို ဆက်လက်ထိန်းသိမ်းပြီး ရှေ့ဆက်ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့အစိုးရအနေဖြင့် အပြောင်းအလဲများကို အကောင်အထည်ဖော် ဆောင်ရွက်နေချိန်ဖြစ်၍ ကဏ္ဍပေါင်းစုံတွင် လိုအပ်ချက်များစွာရှိပါကြောင်း၊ အူရီဒူးမြန်မာအနေဖြင့် အနာဂတ်နိုင်ငံအတွက် အရည်အချင်းပြည့်ဝပြီး စွမ်းရည်ထက်မြတ်သည့် လူသားအရင်းအမြစ်များ ထွက်ပေါ်လာရန် ကူညီဆောင်ရွက်ပေးနေမှုများသည် မိမိတို့နိုင်ငံအတွက် များစွာအကျိုးရှိပါကြောင်း ပြောကြားသည်။
သုံးစွဲသူများမှ ၁မိနစ်ဖုန်းပြောတိုင်းတွင် အူရီဒူးမြန်မာက ၁ ကျပ်လှူပေးသည့် “မိနစ်များများပြောလေ၊ အူရီဒူးမှ များများလှူပေးလေ” အစီအစဉ်အား ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ ချို့တဲ့သော ကလေးများ၏ ပညာရေးအတွက် ထောက်ပံ့ပေးရန်ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ရရှိလာသည့် အလှူငွေများအား ပညာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့သည့် အစီအစဉ်များတွင် အသုံးပြုခဲ့ကြောင်း သိရသည်။
“ဒီလိုကြီးမားတဲ့ စိတ်ကူးကို ကျွန်တော်တို့ ဘယ်လိုရရှိလာလဲဆိုတော့ မြန်မာနိုင်ငံရဲ့ လှူဒါန်းပေးကမ်းတတ်တဲ့ ယဉ်ကျေးမှုကနေ မွေးဖွားလာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာတစ်ဝန်းလုံးမှာတောင် လှူဒါန်းပေးကမ်းမှုအတွက် ရက်ရောမှု အရှိဆုံးအဖြစ် အသိအမှတ်ပြုခံထားရတာပါ။ အူရီဒူးမြန်မာဟာ အခုအစီအစဉ်နဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ၊ မိဘမဲ့ဂေဟာတွေ၊ လူငယ်လေ့ကျင့်ရေး ကျောင်းတွေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်တွေမှာ စုစုပေါင်းလှူဒါန်းမှု ၄၉ခု ပြုလုပ်ခဲ့ပါတယ်”ဟု အူရီဒူးမြန်မာ၏ Acting CEO ဖြစ်သူ Mr. Alok Verma က ပြောသည်။
ထို့ပြင် ၎င်းက အူရီဒူးမြန်မာမှ ဤစီမံကိန်းအတွက် ကျပ်ငွေ ၁ ဒသမ ၂ ဘီလီယံကို မိမိ၏ဝင်ငွေထဲမှ လှူဒါန်းခဲ့ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ မိဘမဲ့ ဂေဟာများနှင့် လူငယ်လေ့ကျင့်ရေးကျောင်းများအား ထောက်ပံ့ခြင်းဖြင့် စတင်လုပ်ဆောင်ခဲ့ကြောင်း၊ ကျောင်းအဆောက်အုံသစ်များ တည်ဆောက်ခြင်းနှင့် ပြုပြင်ရန်လိုအပ်သော အဆောက်အအုံများအား ပြန်လည်မွမ်းမံခြင်း ပြုလုပ်၍ ပညာသင်ကြားရန် အခက်အခဲရှိသော ကလေးများအား အခမဲ့ပညာရေးကို ဆက်လက်သင်ယူနိုင်ရန်အတွက် လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းပံ့ပိုးမှု ၄၉ ခုတွင် နည်းပညာနှင့် ဒီဂျစ်တယ် စင်တာများအတွက် သင်ကြားရေး အထောက်အကူပြုပစ္စည်းများနှင့် ကိရိယာများ ထောက်ပံ့ကူညီမှုများလည်း ပါဝင်ခဲ့ကြောင်း ပြောသည်။
အဆိုပါအခမ်းအနားတွင် အူရီဒူး၏ အောင်မြင်ပြီးစီးသော ပညာရေးဆိုင်ရာနှင့် လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးမှုဆိုင်ရာ အကျိုးပြုလုပ်ငန်းများအား ပြသခဲ့ပြီး မန္တလေးတိုင်း ဒေသကြီးအတွင်း စာဖတ်ခြင်းဆိုင်ရာ သင်ထောက်ကူပစ္စည်းများနှင့် ရွှေ့လျားစာကြည့် တိုက်ကဲ့သို့သော ကူညီပံ့ပိုးမှုအစီအစဉ်များကိုလည်း ပြသခဲ့သည်။
(သတင်းစဉ်)


