အယ်နီညိုဖြစ်ခဲ့လျှင် အပူချိန် စံချိန်တင်မြင့်မည် အပူဒဏ်ကို တစ်နိုင်ငံလုံးခံစားရမည်ဟု မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင် ပြောကြား

၃  စက်တင်ဘာ

ယခုလတ်တလော ဂျပန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်း တိုင်ဖုန်း မုန်တိုင်း၊ အင်ဒိုနီးရှားနိုင်ငံ ဆူနာမီ ဖြစ်ပွားမှုတို့နှင့်အတူ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များသည် ကမ္ဘာကြီးနှင့် ကမ္ဘာ့လူသားများကို တစ်နေ့ထက်တစ်နေ့ ပို၍ပို၍ ခြိမ်းခြောက်လာသည်ဟု ဆိုရပါမည်။

ယခင်က နွေ၊ မိုး၊ ဆောင်း ဥတုရာသီ သမမျှတ မှန်ကန်သည့် မြန်မာနိုင်ငံသည် လည်း ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို ခံစားလာရပြီဖြစ်သည်။ အချိန်အခါ မဟုတ် မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း ဖြစ်ရပ်ဖြစ်စဉ်များကလည်း နှစ်စဉ်နှစ်တိုင်းနီးပါး ကြုံတွေ့နေရသည်။

သို့ဖြစ်၍ မုတ်သုံအလွန် ရောက်ရှိလာမည့် ရာသီဥတုဖြစ်စဉ်များနှင့်စပ်လျဉ်း ၍ မိုးလေဝသပညာရှင်  ဒေါက်တာထွန်းလွင်ကို မြန်မာ့သတင်းစဉ်က သွားရောက် တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

 

မေး။ ။ မုတ်သုံအလွန် ရောက်ရှိလာမယ့် ရာသီဥတုဖြစ်စဉ်အပေါ် ဆရာကြီး ရဲ့သုံးသပ် ချက်ကို သိပါရစေရှင့်။

 

ဖြေ။ ။ လက်ရှိရာသီဥတုက မုတ်သုံကတော့မရှိတော့ဘူး၊ မုန်တိုင်းကတော့ ဖြစ်ဖို့ရှိတယ်။ ဒါပေမယ့် မုန်တိုင်းက ဘင်္ဂလားပင်လယ်အော်မှာဖြစ်တာ ကျဲနေတယ်။  ဒီနှစ်က တော်တော်သတိထားရမယ့် နှစ်ဖြစ်မလားမသိဘူး။ ဘာကြောင့်လဲဆိုတော့ ပစိ ဖိတ်သမုဒ္ဒရာမှာ အယ်နီညိုဖြစ်ဖို့ အလားအလာနည်းနည်းပြနေတယ်။ အယ်နီညိုဖြစ် ရင် ရာသီဥတုက တော်တော်ဆိုးမယ်။ များသောအားဖြင့် အယ်နီညိုဖြစ်တဲ့နှစ်တွေက ပူပြင်းတယ်၊ ခြောက်သွေ့တယ်၊ မိုးနည်းတယ်၊ အပူချိန်မြင့်တယ်၊ အဲဒါတွေ ဖြစ်တတ်တယ်။ နောက်ဆုံးဖြစ်တာက ၂၀၁၅ - ၂၀၁၆ မှာဖြစ်ခဲ့တာ။ လောလောဆယ် အနေအထားကတော့ ပစိဖိတ် သမုဒ္ဒရာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ၊ အခု အောက်တိုဘာ၊ နိုဝင်ဘာ ဒီသုံးလမှာ အယ်နီညိုဖြစ်ဖို့ ၅၅ ရာခိုင်နှုန်းရှိတယ်။ နောက် ဒီနှစ် ဒီဇင်ဘာကနေ နောက်နှစ် ဖေဖော်ဝါရီလအထိ ဆောင်းရာသီခေါ်တာပေါ့၊ အဲဒီ ဆောင်းရာသီမှာ အယ်နီညိုဖြစ်ဖို့အလားအလာ ၇၀ရာခိုင်နှုန်းရှိတယ်။ ဒါက တော်တော် အရေးပါတဲ့ဟာပါ။ နောက်ဆုံးဖြစ်ခဲ့တဲ့ အယ်နီညို က မကြာသေးဘူး သုံးနှစ်လောက် ပဲရှိသေးတယ်။ ၂၀၁၅-၂၀၁၆ က ဖြစ်ခဲ့တာ။ အဲဒီတုန်းက မြန်မာနိုင်ငံအပါအဝင် အာရှ-ပစိဖိတ်ဒေသ  နိုင်ငံပေါင်း ၂၈ နိုင်ငံ တော်တော်ထိခိုက်မှုများခဲ့တယ်။ မြန်မာနိုင်ငံ လည်းပါတယ်။ 

 

မေး။ ။ အယ်နီညိုဖြစ်စဉ် ဖြစ်လာမယ်ဆိုရင် ဘယ်လိုနောက်ဆက်တွဲ ပြဿနာ တွေ ကြုံတွေ့နိုင်ပါသလဲ။

 

ဖြေ။  ။ယေဘူယျအားဖြင့် အယ်နီညိုဖြစ်တဲ့နှစ်တွေမှာ ကြုံရတတ်တဲ့ပြဿနာ တွေကို သက်ဆိုင်တဲ့သူတွေ ကြိုတင်သတိရှိဖို့က နံပါတ်တစ်က အယ်နီညိုဖြစ်မယ်၊ ဖြစ်မယ့် အယ်နီညိုက အားကောင်းမယ်ဆိုရင် အပူချိန်တွေ စံချိန်တင်အောင်မြင့်မယ်။ အပူဒဏ်ကို တစ်နိုင်ငံလုံးခံစားရမယ်။  အခု ဆောင်းရာသီမှာတောင် နည်းနည်းလေး အပူဒဏ်ကို ခံနေရပြီ၊ တော်တော်လေးကို သတိထားရမယ့်အနေအထားမှာရှိတယ်။ 

နောက်ဒုတိယက အဲဒီအပူချိန်မြင့်တဲ့အတွက်ကြောင့် နွေရာသီမှာဆိုရင် ဘာဖြစ် တတ်သလဲဆိုတော့ ရေရှားမယ်၊ ရေရှားတာက နောက်ပိုင်းမှာတော်တော်ပြဿနာ ကြီးတယ်။ အရင်တုန်းကလည်း ရေရှားဖူးပါတယ်။ အရင်တုန်းက ရေရှားတာ  အတိုင်း အတာက ဘောင်လေးနဲ့၊ များသောအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ ရှားတယ်။ နွေရာသီမှာရှားတယ်။ နောက်ပိုင်းကြတော့ ရေရှားတာက အလယ်ပိုင်းတင် မကဘူး၊ မြစ်ဝကျွန်းပေါ်လည်း ပါတယ်၊ ရှမ်းပြည်နယ်လည်း ပါတယ်။ နောက် နွေရာသီ အထိတောင် မစောင့်ဘူး၊ ဆောင်းရာသီလောက်ထဲကစပြီးတော့ ၂၀၁၉ ဖေဖော်ဝါရီ လလောက်ထဲက ရေရှားမှုဖြစ်လာနိုင်တယ်။ ၂၀၁၅-၂၀၁၆ တုန်းကလည်း အဲဒီလိုပဲ ဖေဖော်ဝါရီလောက်က ရေရှားတယ်။   ပြောချင်တာက ရေရှားတဲ့ပြဿနာကြီးနိုင်တယ်။ သောက်ရေရော၊ စိုက်ပျိုးရေရော နှစ်မျိုးလုံး ရှားနိုင်တယ်။ 

 

နောက်ပြဿနာကဘာလဲဆိုရင် မီးလောင်မှုများမယ်။ ၂၀၁၅-၂၀၁၆ က မီးလောင်တဲ့ ကုန်ကျစရိတ်က သိန်းပေါင်း သိန်းဂဏန်းနီးပါးလောက်ရှိတယ်။ နိုင်ငံ အနေနဲ့တွက်ရင် နည်းနည်းနောနောဆုံးရှုံးတာမဟုတ်ဘူး။ တောမီးလောင်တာရှိတယ်၊ မြို့မီးလောင်တာရှိတယ်။ နောက် အပူချိန်ကမြင့်ပြီး မိုးကနည်းတဲ့အခါကျတော့  အများ ဆုံးထိခိုက်တာ စိုက်ပျိုးရေး၊ စိုက်ပျိုးရေးမှာ သီးနှံတွေ ပျက်တယ်။ မပျက်ရင်လည်း အထွက်လျော့တယ်။ စိုက်ပျိုးသီးနှံတွေအထွက် လျော့တဲ့အတွက် စားနပ်ရိက္ခာဖူလုံ မှုလည်း ထိခိုက်တယ်။ ကုန်ဈေးနှုန်းလည်း မြင့်သွားတာပေါ့။ မှတ်မိတာတော့ ဆန် ဈေးနှုန်းတွေ   မြင့်တက်သွားတယ်။ ဒါတွေက လူမှုဒုက္ခတွေ နောက်ကနေ လိုက်လာ တာပါ။ 

 

နောက်ပြီး များသောအားဖြင့် အယ်နီညိုဖြစ်တဲ့နှစ်တွေမှာ  ကူးစက်ရောဂါတွေဖြစ် တတ်တယ်။ အတိတ်သမိုင်းမှာ ကမ္ဘာပေါ်မှာ ကူးစက်ရောဂါ ဖြစ်တဲ့အထဲမှာ အကျယ်ပြန့်ဆုံးနဲ့အသေအပျောက်အများဆုံးက H1N1 ရောဂါပေါ့၊  ၂၀၁၅-၂၀၁၆ မှာလည်း ကူးစက်ရောဂါဖြစ်တယ်၊ အဲဒီကူးစက်ရောဂါက ကမ္ဘာပေါ်မှာမရှိဘူးသေးတဲ့ ဇီကာ   ဦးခေါင်းသေးပြီး ဉာဏ်ရည်မမီတဲ့ရောဂါဖြစ်တယ်။ ဘရာဇီးနိုင်ငံက စတယ်။ နောက် ၂၈ နိုင်ငံကိုပြန့်သွားတယ် ၊နောက်ဆုံး မြန်မာပြည်အထိရောက်လာတယ်။

 

နောက် ပြဿနာက အပူချိန်မြင့်တဲ့အတွက်ကြောင့် ပင်လယ်ရေတွေ ပူတဲ့အပြင် ရေစီးကြောင်းတွေကလည်း မြန်သွားတယ်။ မြန်သွားတော့ ငါးတွေကလည်း အသိုက်ပြောင်းတဲ့အတွက် ငါးဖမ်းလုပ်ငန်းမှာလည်း ထိခိုက်တယ်။ အဲဒီတော့ လူမှုရေးရော၊ စီးပွားရေးရော ဒုက္ခတွေကိုကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေတယ်။ နောက် အယ်နီညိုရဲ့ကြောက်စရာကောင်းတဲ့အချက်က အကြာကြီးဖြစ်တာ။ တစ်ခါဖြစ်ရင် အနည်းဆုံး ၁၂ လ ကြာတယ်။ သိပ်ကြာလို့ရှိရင် ၁၈ လ အထိဖြစ်တယ်။  အယ်နီညိုပြဿနာက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်တယ်။ အာရှ-ပစိဖိတ်ဒေသတစ်ခုလုံး ဖြစ်တယ်။ ၂၀၁၅-၂၀၁၆ မှာဆိုရင် ၂၈ နိုင်ငံဖြစ်တယ်။ ဒါတွေက ဘာပဲပြောပြော သတိပြုရမယ်။

 

နောက်ထပ် ထပ်လောင်းပြီး သတိပြုဖို့လိုတဲ့အချက်က   လေ့လာတဲ့အဖွဲ့ တစ်ဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်ပါပဲ။  စိတ်ဝင်စားဖို့ကောင်းတယ်။ သူကဘာပြောလဲ ဆိုရင် လာမယ့် ၂၀၁၉-၂၀၂၀-၂၀၂၁-၂၀၂၂  အဲဒီ လေးနှစ်မှာ ကမ္ဘာ့သမိုင်းမှာ အပူဆုံးနှစ်တွေ ဖြစ်မယ်လို့ပြောထားတယ်။ အဲဒီပြောထားချက်နဲ့ အယ်နီညိုဖြစ်မယ် ဆိုတဲ့ ဖြစ်စဉ်နဲ့လာပြီး ကိုက်ညီနေတယ်။ ၂၀၁၉ ကို တော်တော်လေးသတိထားရမယ့် သဘောရှိတယ်။ လောလောဆယ်တော့ စောင့်ကြည့်အဆင့်ပဲရှိသေးတယ်။ တကယ်လို့ သေချာသွားပြီ ဆိုရင် နှိုးဆော်အဆင့်၊ နောက်သတိပေးအဆင့် အဆင့်လိုက်လာမှာပါ။ 

 

ဘယ်လောက်ထိဖြစ်နေပြီလဲဆိုတော့ အယ်နီညိုက စောင့်ကြည့်ရေးဧရိယာ သတ်မှတ် ထားတာရှိတယ်။ ပစိဖိတ်သမုဒ္ဒရာရဲ့ အရှေ့ပိုင်း အီကွေတာတစ်လျှောက်မှာ ဧရိယာ လေးခုသတ်မှတ်ပြီးတော့ ဧရိယာတစ်ခုချင်းရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန် ပြောင်းလဲမှုကို စောင့်ကြည့်ရတာ။ စောင့်ကြည့်တဲ့အခါမှာ လက်ရှိတွေ့နေရတဲ့ အနေ အထားက ဧရိယာတွေမှာ အပူချိန်တွေက ပုံမှန်ထက်ပိုနေတယ်။ တစ်နည်း အားဖြင့် ရေနွေး စီးကြောင်းတွေများစွာ ဝင်နေပြီ၊ အများဆုံး သုညဒသမ၄ ဒီဂရီ စင်တီဂရိတ် အမြင့်ဆုံးရှိတယ်။ အယ်နီညိုရဲ့သတ်မှတ်ချက်က သုညဒသမ၅ ဆိုတော့ ဖြစ်ဖို့ ကပ် နေပြီ။ အဲဒါက လောလောဆယ်ဖြစ်နေတဲ့အနေအထား။ 

 

နောက်ဆက်တွဲတစ်ခုက ဘာလဲဆိုတော့ ဒီအချိန်က ဘင်္ဂလားပင်လယ် အော်မှာ မုန်တိုင်းတွေတန်းစီ ဖြစ်ရမှာ။ ဒီလို အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလမှာ နှစ်စဉ်နှစ်တိုင်း ပျမ်းမျှအားဖြင့် မုန်တိုင်း လေးလုံးလောက် ဖြစ်တယ်။ အခု မုန်တိုင်းတွေ ဘင်္ဂလားပင်လယ်အော်မှာကျဲတယ်။ ဒါက အယ်နီညိုကြောင့်ပေါ့။ တကယ်လို့ အယ်နီညိုမရှိရင် မုန်တိုင်းက ဒီထက်ပိုဖြစ်မှာ။ သို့သော်ငြားလည်း မိုးက တော့ရွာတယ်၊ သတင်းကောင်းကတော့ မြန်မာပြည်အလယ်ပိုင်းက မိုးလိုတဲ့ သူတွေ အတွက် ပြီးခဲ့တဲ့ နှစ်ရက်လောက်က မိုးရွာတယ်။ ဒါကတော့ မိုးလွန်ကာလ ဖြစ်တဲ့ အတွက် နိုဝင်ဘာလအထိ မိုးကတော့ရှိဦးမယ်။ နောက်ပိုင်းမှာ မိုးရွာဖို့ အကြောင်းက နှစ်ခုရှိတယ်။ တစ်ခုက ပစိဖိတ်ဘက်မှာ မုန်တိုင်းတွေဖြစ်တယ်။ ဖြစ်တဲ့မုန်တိုင်းတွေက ကိုရီးယားနဲ့ ဂျပန်ဘက်ပဲ သွားနေတယ်။ ဒီဘက်ကို မလာဘူး။ ဒီဘက်လာမယ်ဆိုရင် မိုးရွာနိုင်တယ်။ နောက်တစ်ခုက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ရင်တော့ မိုးရွာနိုင်တယ်။ နိုဝင်ဘာလအထိ မိုးကိုသတိထားဖို့လိုတယ်။

 

မေး။ ။ ဆရာ့အနေနဲ့  ဖြည့်စွက်ပြောချင်တာတွေရှိရင် ပြောပြပေးပါ။

 

ဖြေ။ ။ ရာသီဥတုကတော့ မငြိမ်ဘူး၊ အထူးသဖြင့် အဓိကပြောချင်တာက အယ်နီညို သတင်းကတော့ ဘာပဲပြောပြော အစိုးရတာဝန်ရှိတဲ့သူတွေရော ပြည်သူ လူထုရော ကြိုတင်ပြင်ဆင်ဖို့ လိုမယ်။ ၂၀၁၅-၂၀၁၆ တုန်းကလို တကယ်ဖြစ်လာရင် ဘယ်လိုဖြစ်ခဲ့သလဲ၊ ဘာတွေလုပ်ခဲ့ရသလဲဆိုတာတွေကို ပြန်ပြီး လေ့လာထားဖို့ လိုတယ်။ အဲဒီပုံစံမျိုး၊ အဲဒီအတိုင်းအတာထိ ဖြစ်မလား၊ အခုနောက်ပိုင်းက ဖြစ်လိုက် တယ် ဆိုရင် လျော့တယ်ဆိုတာမရှိဘူး။ ပိုတယ်လို့ပဲရှိတယ်။ အခုချိန်ထိတော့ သတိရထားမယ့် အဆင့်မှာ ရှိနေတုန်းပဲ။   နောက်ပိုင်းမှာ မဖြစ်လို့ လျော့သွားရင် လည်း ကံကောင်းတာ ပေါ့လေ။ တကယ်လို့ ဖြစ်လာရင်တော့ တော်တော်ပူပြင်းတဲ့ နွေရာသီကို ၂၀၁၉ မှာတွေ့ရဦးမယ်။

 

ကျေးဇူးတင်ပါတယ်။   

 

တွေ့ဆုံမေးမြန်း - ရီရီမြင့်၊ ဥမ္မာသန့်