ဘားအံ-မြဝတီကားလမ်းတွင် မျက်နှာကြက်ကျောက်ပြားများတင်ဆောင်လာသော ၂၂ ဘီးတွဲယာဉ်တစ်စီး လမ်းဘေးမြောင်းအတွင်း ထိုးကျတိမ်းမှောက်

ဘားအံ  ၁၄  ဇန်နဝါရီ 

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-မြဝတီကားလမ်းတွင် ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက မျက်နှာကြက် ကျောက်ပြားများတင်ဆောင်လာသော ၂၂ ဘီးတွဲယာဉ်တစ်စီး မြောင်းအတွင်းထိုးကျကာ တိမ်းမှောက်သွား ခဲ့ကြောင်း သတင်းရရှိသည်။

 

ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၅ နာရီအချိန်က ဘားအံ-မြဝတီကားလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အိန္ဒုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ရာ ဘားအံ-မြဝတီကားလမ်းအတိုင်း မြဝတီဘက်မှ ဘားအံဘက်သို့ ယာဉ်မောင်း မောင်ဌေး(၃၇ နှစ်)၊ ညောင်ခြေထောက်ကျေးရွာ၊ အုတ်တွင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူမောင်းနှင်ပြီး ယာဉ်နောက်လိုက် အဖြစ် ရှမ်းလေး(၂၃-နှစ်)(နေရပ်လိပ်စာ-စုံစမ်းဆဲ)လိုက်ပါလာသော 7M/-------  ၊ NISSAN DIESEL အမျိုးအစား အပြာရောင် ခေါင်းတွဲယာဉ်နှင့် နောက်တွဲအမှတ် BGO ITL R/------ နံပါတ်ပါ ၂၂ ဘီးတွဲယာဉ်ဖြင့် မျက်နှာကြက် ကျောက်ပြားများတင်ဆောင်မောင်းနှင်လာစဉ် ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၊ ရွာမ(၆)ရပ်ကွက် အနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်မြောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့သဖြင့်  ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ဒဏ်ရာရရှိခြင်းမရှိသော်လည်း ယာဉ်မှာ ရှေ့လေကာမှန်ကွဲကြေပျက်စီးယာဘက်တံခါးနှင့်ယာဉ်ခေါင်းပိုင်း အတွင်းခန်းတို့ ပျက်စီးခဲ့ကြောင်း သိရသည်။ 

 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း မောင်ဌေးအား အိန္ဒုနယ်မြေရဲစခန်းမှ  အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

မင်းသူ(ဘားအံ)