နေပြည်တော် အောက်တိုဘာ ၂

 

ကရင်ပြည်နယ် ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် စာသင်၊ စာချ သီတင်းသုံးနေထိုင် တော်မူသော ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေး၊ ပစ္စည်းလေးပါး အဆင်ပြေစေရေး၊ ထေရဝါဒဗုဒ္ဓသာသနာတော်ကို အထောက်အပံ့ဖြစ်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော်၌ (၇၆) ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်၌ ကျင်းပသည်။

 

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ပြည်သူများသည် ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၅၅ ကျောင်းနှင့် သီလရှင်ကျောင်း ၁၅ ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင်အပါး ၂၆၈၀ တို့အား ဆွမ်းဆန်တော်၊ ခေါက်ဆွဲခြောက်၊ တိုင်းရင်းဆေး အမျိုးမျိုးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းလောင်းလှူကြသည်။

 

ယမန်နေ့ကလည်း ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ် အစိုးရအဖွဲ့ကကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အမှာ စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်နယ်ရှိ သက်ကြီး အဘိုးအဘွားများအား ဂုဏ်ပြုထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

 

အခမ်းအနားအပြီးတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ အထူးကု ဆရာဝန်ကြီးများက ဂုဏ်ပြုခံအဘိုးအဘွားများကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ တစ်ပါတည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)