ဘားအံ ဩဂုတ် ၃

 

ကရင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုတစ်ရပ်ဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး) ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကရင်ပြည်နယ် နေရာအနှံ့အပြားနှင့် ကရင်လူမျိုးများပျံ့နှံ့နေထိုင်ရာ နေရာဒေသအသီးသီးတို့တွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလေ့ရှိရာ ယနေ့နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ (၄၆)ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး) ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

လက်ဆင့်ကမ်းထိန်းသိမ်း

ဦးစွာ သဘာပတိနှင့်အဖွဲ့ဝင်များက စင်မြင့်ထက်တွင်နေရာ ယူကြပြီး ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး)ဆိုင်ရာများကို သဘာပတိက ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘိုးဘွားများရှေးနှစ်ပေါင်းများစွာကတည်းကထားရှိခဲ့သည့် ကောင်းမြတ်သောရိုးရာ အမွေအနှစ်တစ်ခုကို မပျောက်ပျက်အောင် ကရင်လူငယ်များအားလုံးက ကြီးမားသည့် တာဝန်တစ်ရပ် အနေဖြင့် ခံယူ၍ မြတ်မြတ်နိုးနိုးဖြင့် အဆင့်ဆင့် လက်ဆင့်ကမ်းထိန်းသိမ်းပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး) ဖြစ်ပေါ်လာပုံကို ပိုးကရင်ဘာသာ၊ စကောကရင် ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ဖတ်ကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်သိန်း ၂၀၀ ကို ပွဲတော်ကျင်းပရေးကော်မတီထံ ချီးမြှင့်ပေးအပ်ကာ ပွဲတော်ကျင်းပရေးကော်မတီမှ (၄၆)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်စူး) ပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူငွေထည့်ဝင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်၍ သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

ယင်းနောက် ပွဲတော်ကိုဦးဆောင်ကျင်းပမည့် အကြီးအမှူးနှင့် အရန်နှစ်ဦး၊ ချည်ဖြူဖွဲ့ပေးမည့် အဘိုးနှင့် အဘွားများက မြေးငယ်များခြံရံလျက် သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကရင်တိုင်းရင်းသားရပ်မိရပ်ဖများ၊ တိုင်းရင်းသားပြည်သူများက အဘိုး၊ အဘွားများထံတွင် ချည်ဖြူဖွဲ့မင်္ဂလာ ခံယူခဲ့ကြသည်။(အပေါ်ဝဲပုံ)

 

ချည်ဖြူဖွဲ့ရာတွင် ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သောရေ၊ ကြံပိုင်း စသည့်ပစ္စည်းခုနစ်မျိုးပါဝင်ပြီး တစ်ခုချင်းစီ၏ဂုဏ်သတ္တိများအလိုက် ကရင်တိုင်းရင်းသားတို့အား စုပေါင်းညီညွတ်စွာနေထိုင်စေလိုသည့် အဓိပ္ပာယ်များပါဝင်ကြောင်း၊ မွန်မြတ်သန့်စင်၍ ချစ်စရာကောင်းသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာကောင်းများကို ကရင်တိုင်းရင်းသားများ ထိန်းသိမ်းသည့်ပွဲတော်တစ်ရပ်ဖြစ်ကြောင်းနှင့် ကရင် ပြည်နယ်အတွင်းနှင့် ကရင်လူမျိုးများ ပျံ့နှံ့နေထိုင် ရာနေရာဒေသအသီးသီးတို့တွင် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားများကို ဝါခေါင်လတစ်လလုံး နေရာဒေသအနှံ့အပြားတွင် ကျင်းပလေ့ ရှိကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)