ဘားအံ စက်တင်ဘာ ၁၆

 

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင် ဆောင်ရွက်ပေး ဆောင်ပုဒ်ဖြင့် ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

 

တက်ရောက်

အခမ်းအနားသို့ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆုရကျောင်းသား ကျောင်းသူများ၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ ဖိတ်ကြား ထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ၊ ကုလသမဂ္ဂပတ်ဝန်း ကျင်အစီအစဉ်(UNEP) ဗီဒီယို၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဗီဒီယိုတို့ကို ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲ၊ အဆင့်မြင့်ပညာအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများ၊ နှစ်သိမ့်ဆုရရှိကြသူများနှင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကာ ခင်းကျင်းပြသထားသော ဆုရ ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီ လက်ရာများနှင့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)