ဘားအံ အောက်တိုဘာ ၆

 

ကရင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် သီတင်းကျွတ် လပြည့်နေ့အထိမ်းအမှတ် မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ တောင်ကလေးကျေးရွာ လေယာဉ်ကွင်းဟောင်းနေရာ၌ ကျင်းပသည်။

 

ဦးစွာ မီးပုံးပျံလွှတ်တင်ပူဇော်ကြမည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက အတီး၊ အမှုတ်၊ အက၊ အဖွဲ့များဖြင့် လေယာဉ်ကွင်းဟောင်းအတွင်း နေရာယူကြ သည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မီးပုံးပျံကြီး အလုံး ၃၀ ကို လွှတ်တင်ပူဇော်သွားမည်ဖြစ်ပြီး ဇွဲကပင်ခန်းမ၌ ထေရ်ကြီးဝါကြီး သံဃာတော်များအား ပူဇော် ကန်တော့ခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ မွန်းလွဲပိုင်းတွင် မဲဘောင်ကျောင်းတိုက်၌ သံဃာ့ပဝါရဏာ သိမ်ဆင်း လောင်းလှူခြင်း၊ ညခင်းပိုင်းတွင် သေဋ္ဌမာရ်အောင် ဘုရားကြီးဝင်း၌ ဆီမီး ၉၀၀၀ ပူဇော်ပွဲတို့ကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ယခုနှစ် သီတင်းကျွတ်ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံး အေးအေးချမ်းချမ်းဖြင့် ပါဝင်ဆင်နွှဲကြရန် တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက မီးပုံးပျံလွှတ်တင်ပူဇော်ကြမည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား တစ်ဖွဲ့လျှင် ငွေကျပ် ခုနစ်သိန်းနှုန်းဖြင့် အဖွဲ့ ၃၀ အတွက် ငွေကျပ် သိန်း ၂၁၀ ကို ချီးမြှင့်ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မင်္ဂလာရွှေမောင်းကို သုံးချက်တီးခတ်၍ အချက်ပေးရာ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပါဝင်သော မီးပုံးပျံလွှတ်တင်ပူဇော်ရေးအဖွဲ့များက အောက်ခြေအချင်း ခြောက်ပေ၊ အမြင့်ပေ ၄၀ နှင့်အထက်ရှိသော မီးပုံးပျံကြီးအလုံး ၃၀ ကို အိုးစည် ဗုံမောင်းများ၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် လွှတ်တင်ပူဇော်ကြကာ ဘားအံမြို့ ခရီးစဉ်ဒေသများနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကလည်း မီးပုံးပျံအသေး အလုံး ၁၀၀ ကျော်ကို လွှတ်တင်ပူဇော်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

 

ယင်းနောက် နံနက် ၉ နာရီခွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြည်နယ်အတွင်း သီတင်းသုံးတော်မူကြသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကို ပူဇော်ကန်တော့ပွဲ မင်္ဂလာအခမ်းအနားကို ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ ဥဒေါင်းကျောင်း ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များထံမှ မေတ္တသုတ်စသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြ၍ ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ အမိတာရာမ ရဲကျောင်းဆရာတော်နှင့် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကထိက သုန္ဒရာရာမကျောင်း ဆရာတော်တို့ထံမှ သာရဏီယ ဩဝါဒကထာများကို နာယူကြည်ညိုကြသည်။

 

ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး နိုင်ငံတော်ဩဝါဒါစရိယ နောင်လုံဌာန်ပတိုင်ကျောင်း ဆရာတော်ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားကို ရုပ်သိမ်းသည်။

 

အခမ်းအနားအပြီးတွင် ကြွရောက် ချီးမြှင့်တော်မူကြသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကာ တက်ရောက်လာသော ဧည့်ပရိသတ်များကိုလည်း နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)