ဘားအံ ၈ ဧပြီ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မြန်မာနေထိုင်မှု အခြေအနေ စစ်တမ်း(၂၀၁၇) အဓိကညွှန်ကိန်းများ အစီရင်ခံစာ (Key Indicators Report) ရှင်းလင်းပွဲအခမ်းအနားကို ဧပြီလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်းရဲနွမ်းပါးမှုနှင့် နေထိုင်မှုအခြေအနေကို သိရှိနိုင်ရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်အတွက် လိုအပ်သော ကိန်ဂဏန်း အချက်အလက်များ၊ ညွှန်ကိန်းများရရှိနိုင်ရန်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ပြ/ကျေးလက်ခွဲခြား၍ စားသုံးသူဈေးဆနှုန်းတွက်ချက်ရာတွင် အထောက်အကူပြုနိုင်ရန်၊ အမျိုးသားစာရင်း စနစ်တွက်ချက်ရာတွင် စားသုံးမှုကုန်ကျစရိတ်ကို ခန့်မှန်းနိုင်ရန် ရည်ရွယ်၍ အဆိုပါစစ်တမ်းအား ကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။
ရှင်းလင်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနေထိုင်မှု အခြေအနေစစ်တမ်းအား Video Clip ဖြင့် ရှင်းလင်းပြသကာ ဗဟိုစာရင်းအင်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးသန်းဇော်က မြန်မာနေထိုင်မှု အခြေအနေစစ်တမ်းမှ ရရှိလာသောရလဒ်၊ မူဝါဒဆိုင်ရာအကြံပြုချက်နှင့် စစ်တမ်းအစီရင်ခံစာ အကျိုးရလဒ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆိုပါစစ်တမ်းနှင့် ပတ်သက်၍ သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးတင်ပြခဲ့ကြပြီး မွန်တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


