ဘားအံမြို့တွင်ပထမအကြိမ် ကရင်ရိုးရာ အစားအသောက်ပြပွဲနှင့်ကရင်ရိုးရာတာလပေါ့ဟင်းချက်ပြိုင်ပွဲ ကျင်းပ

ဘားအံ ၉   ဇူလိုင် 

 

တိုင်းရင်းသားများအလိုက် ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ် အလာများ ဖြစ်သည့် စာပေယဉ်ကျေးမှု အဆိုအက အရေးအတီးအနုပညာများ ဝတ်စားဆင်ယဉ်မှုများ၊ အစားအစာများ အသီးသီးရှိကြသည်ဖြစ်ရာ တိုင်းရင်းသားအလိုက် ဓလေ့ထုံးတမ်း အစဉ်အလာများ မပျောက်ပျက်စေရေးနှင့် ကရင်တိုင်းရင်းသားတို့၏ ရိုးရာအစားအစာကို ဖော်ထုတ် အသိအမှတ်ပြုသည့်အနေဖြင့် ပြည်နယ်အဆင့် ပထမအကြိမ် ကရင်ရိုးရာ အစားအသောက်ပြပွဲနှင့် ကရင်ရိုးရာ တာလပေါ့ဟင်းချက်ပြိုင်ပွဲကို ဇူလိုင် ၈)ရက် နံနက်(၉)နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင်  ထူးခြားစွာ ပြုလုပ် ခဲ့ကြောင်း သိရသည်။

 

 

ကရင်ရိုးရာ အစားအသောက်ပြပွဲနှင့် ကရင်ရိုးရာ တာလပေါ့ဟင်းချက်ပြိုင်ပွဲကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်မျိုးသန့်၊ ဟိုတယ်လုပ်ငန်းရှင်များ အသင်းဥက္ကဌဦးအောင်သန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားကာ ကရင်ရိုးရာတာလပေါ့ဟင်းချက်ပြိုင်ပွဲအား စတင်ကျင်းပကြသည်။

 

ကရင်တိုင်းရင်းသားတို့၏ တာလပေါ့ဟင်းလျာသည် ဆန်ကို အဓိကထားပြီး မိုးကာလတွင်ထွက်ရှိသော တောင်ပေါ်ဒေသထွက် အသီးအနှံများဖြင့် ပေါင်းစပ်ထည့်ဝင်ထားသည့် ဆီမပါအရည်အဖတ်ရောရာ ကျန်းမာရေး အတွက် သင့်တော်ကာ စားကောင်းသော အစားအစာ လျာဟင်း တစ်မျိုးဖြစ်ကြောင်း သိရသည်။

 

 ကရင်ရိုးရာအစားအစာ တာလပေါ့ဟင်းတွင် သင့်တော်ရာ တောင်ပေါ်ဒေသထွက် အသီးအနှံ တစ်မျိုးစီသော်လည်းကောင်း၊ အသားခြောက် တစ်မျိုးစီသော်လည်းကောင်း၊ ငပိထည့်၍ သော်လည်းကောင်း ချက်လေ့ ရှိပြီး ပါဝင်ချက်လေ့ရှိသေား သီးနှံများမှာ မျှစ်၊ ကြိမ်ခါးဖူး၊ လဲလူရွက်၊ မျှစ်၊ စွယ်တော်ရွက်၊ ဂေါ်ရခါးရွက်၊ ဂွေးတောက်ရွက်၊ ကျောက်ကပ်ရွက်၊ ခတ်ချိုရွက်၊ဂေါ်လခါးညွန့်၊ ပင်စိမ်းရွက် စသည်ဖြင့် လည်းကောင်း ခရု၊ အသားခြောက်၊ အသားစို အမျိုးမျိုး(သို့မဟုတ်) ငါး၊ ငပိတို့အား သင့်တော်သလို ထည့်ဝင် ပြုလုပ် ချက်ပြုတ်စားသောက်သည့် ရိုးရာ ဟင်းလျာလည်း ဖြစ်ကြောင်း သိရသည်။

 

 အဆိုပြိုင်ပွဲတွင် ဘားအံမြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ကျေးရွာများနှင့် ကရင်တိုင်းရင်းသားများက ပြိုင်ပွဲဝင် အသင်း(၁၆)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ရိုးရာအစားအစာနှင့် လျော်ညီခြင်း၊ နူးနပ်မှုရှိခြင်း၊ ကျန်းမာ ရေးအတွက်သန့်ရှင်းမှု အရသာနှင့် အဟာရ စသည်ဖြင့် အမှတ်ပေး ဒိုင်အဖွဲ့များက အကဲဖြတ် အမှတ်ပေးကြရာ ပထမဆုကို မုက္ကဒိကျေးရွာအဖွဲ့၊ ဒုတိယဆုကိုTHAI Village အဖွဲ့၊ တတိယဆုကို SKY(1+3)အဖွဲ့နှင့် နှစ်သိမ့်ဆုရရှိသော ကျန်(၁၃)ဖွဲ့တို့အား ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးခဲ့ကြသည်။ 

 

ကရင့်ရိုးရာတာလပေါ့ပြိုင်ပွဲနှင့်အတူ ကရင့်ရိုးရာ အစားအစား များဖြစ်သည့်  ငါးရံ့တာလပေါ့၊ ဇကောထမင်း၊ ကဒက်မုန့်၊ ခွေးအီးညွှန့်မုန့်၊ ငါးဆုပ်ဟင်း၊ ကရင့်ရိုးရာဝါးကျည်ထောက်အစာသွပ်၊  ဇွဲကပင်ကရင်ကဒက်မုန့် စသည်များအား ခင်းကျင်းပြသထားပြီး စိတ်ကြိုက်စားသောက် စေခြင်းများဖြင့် ထူးခြားစွာ စီစဉ်ထားကြောင်းနှင့် အဆိုပါပွဲအား နှစ်စဉ် ဆင်နွှဲသွားနိုင်ရေး လိုလားကြောင်း အဆိုပါပွဲသို့ တက်ရောက်လာကြသည့် ကရင်တိုင်းရင်းသားများထံမှ သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)