ရန်ကုန် ၂ ဧပြီ
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) (ဗဟို)ဂုဏ်ထူးဆောင် နာယကများ အသိအမှတ်ပြုလွှာများ ပေးအပ်ခြင်းနှင့် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) (ဗဟို)နှင့် ငြိမ်းချမ်းမေတ္တာအဖွဲ့ (Religions for Peace-Myanmar)တို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ တော်ဝင်ဂါးဒင်းဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သည့်သဝဏ်လွှာကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဖတ်ကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမှာစကား ပြောကြားရာတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးသည် ၂၀ဝ၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ဘာသာရေး၊ ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို အလွတ်သဘောဆွေးနွေးနိုင်ရန် အမြုတေအဖွဲ့အား သာသနာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ယာယီဖွဲ့စည်းပေးခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း။
လက်ရှိ နိုင်ငံတော်အစိုးရလက်ထက် ၂၀၁၈ ခုနှစ် သြဂုတ် (၅) ရက်တွင် အမျိုးသားပြတိုက်၌ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)ကို ဦးစီးနာယက တစ်ဦး၊ နာယက လေးဦး၊ ဥက္ကဋ္ဌ တစ်ဦး၊ ဒုတိယဥက္ကဋ္ဌ လေးဦး၊ အထွေထွေ အတွင်းရေးမှူး တစ်ဦး၊ အတွင်းရေးမှူး လေးဦး၊ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ တစ်ဦး၊ ဘဏ္ဍာရေးမှူး တစ်ဦး၊ အလုပ်အမှုဆောင်(ဗုဒ္ဓဘာသာ) ၁၈ ဦး၊ ခရစ်ယာန်ဘာသာ ၁၄ ဦး၊ အစ္စလာမ်ဘာသာ ၁၇ ဦး၊ ဟိန္ဒူဘာသာ ၁၅ ဦး စုစုပေါင်း ၈၁ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း။
ယခုအခါ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)ကို ဦးစီးနာယက တစ်ဦး၊ နာယက လေးဦး၊ ဂုဏ်ထူးဆောင်နာယက ၁၇ ဦး၊ ဥက္ကဋ္ဌ တစ်ဦး၊ ဒုတိယဥက္ကဋ္ဌ လေးဦး၊ အထွေထွေအတွင်းရေးမှူး တစ်ဦး၊ အတွင်းရေးမှူး လေးဦး၊ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ တစ်ဦး၊ ဘဏ္ဍာရေးမှူး တစ်ဦး၊ အလုပ်အမှုဆောင် (ဗုဒ္ဓဘာသာ) ၁၈ ဦး၊ ခရစ်ယာန်ဘာသာ ၁၄ ဦး၊ အစ္စလာမ်ဘာသာ ၁၇ ဦး၊ ဟိန္ဒူဘာသာ ၁၅ ဦး စုစုပေါင်း ၉၈ ဦးတို့ဖြင့် ၂၀၁၉ ခုနှစ် မတ်(၂၂) ရက်တွင် အင်အားတိုးချဲ့၍ ထပ်မံပြင်ဆင် ဖွဲ့စည်းပေးခဲ့ကြောင်း။
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တွင် ဂုဏ်ထူးဆောင်နာယကများကို ထည့်သွင်းဖွဲ့စည်းရခြင်းမှာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိလာစေရန်နှင့် ရန်ပုံငွေအပါအဝင် အခြားသော အကူအညီ အထောက်အပံ့များရရှိစေရန် ရည်ရွယ်ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဦးစီးနာယကနှင့် ဥက္ကဋ္ဌတို့၏ တင်ပြချက်အရ ထပ်မံဖြည့်တင်း ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း။
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့သည် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) ဖြစ်သောကြောင့် ကနဦးအစ ဖွဲ့စည်းမှုများမှာ သာသနာရေးဝန်ကြီးဌာန၊ ယခု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် အသေးစိတ်ကူညီမှုပြုနေရဆဲ ဖြစ်သော်လည်း နောင်တွင် မိမိဘာသာရပ်တည်ပြီး ကွင်းဆင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့များ၊ အခြားသော အစိုးရမဟုတ်သော အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း လက်တွဲဆောင်ရွက်ရာတွင် အစိုးရ၏ လွှမ်းမိုးမှုအောက်၌ မရှိရန်လိုအပ်သဖြင့် နိုင်ငံတော်အဆင့် ဆောင်ရွက်ပေးရမည့် ကိစ္စမှလွဲ၍ အခြားသောကိစ္စရပ်များကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းအားထုတ်သွားရန် လိုအပ်ပါကြောင်း။
ထို့အပြင် ဗဟိုအဆင့်၊ တိ်ုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်များကို စနစ်တကျဖွဲ့စည်းခြင်း၊ ထိတွေ့ခြင်း၊ ပြဿနာများ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ခြင်း၊ ပြဿနာများမှ ပဋိပက္ခအသွင် မရောက်ရှိအောင် ကြိုတင်စီမံ ဆောင်ရွက်ခြင်း၊ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို တစ်နှစ်ချင်း စီမံချက်၊ ရေရှည်စီမံချက်များ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်သွားရန် လိုပါကြောင်း။
မြန်မာနိုင်ငံတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးမှတစ်ဆင့် ပြည်တွင်း တည်ငြိမ်အေးချမ်းသာယာရေး၊ နိုင်ငံတိုးတက်ဖွံ့ဖြိုးမှုရရှိရေးတို့ကို ဦးတည်ဆောင်ရွက်သွားကြရန် ရည်ရွယ်ပြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)နှင့် ငြိမ်းချမ်းမေတ္တာအဖွဲ့ (Religions for Peace-Myanmar)တို့ MoU (နားလည်မှုစာချွန်လွှာ) လက်မှတ်ရေးထိုးမည်ဆိုသည်ကို သိရှိရသည့်အတွက် ကောင်းမွန်သော လုပ်ရပ်တစ်ခု ဖြစ်ပါကြောင်းနှင့် ဝမ်းမြောက်စွာဖြင့် ကြိုဆိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) (ဗဟို) ဥက္ကဋ္ဌ ဦးသောင်းထိုက်နှင့် ငြိမ်းချမ်းမေတ္တာအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေတို့က လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) (ဗဟို) ဂုဏ်ထူးဆောင် နာယကများအား အသိအမှတ်ပြု ဂုဏ်ပြုအပ်နှင်းလွှာများ ပေးအပ်ပြီး ဂုဏ်ထူးဆောင်နာယကများက အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) (ဗဟို) ဥက္ကဋ္ဌနှင့် ငြိမ်းချမ်းမေတ္တာအဖွဲ့ဥက္ကဋ္ဌတို့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြပြီး ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်များက ဘာသာအလိုက် ဆုတောင်းကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
(သတင်းစဉ်)


