ဘွဲ့လွန်ဆေးပညာ သင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကျင်းပ

 

နေပြည်တော် ဧပြီ ၅

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ်များတွင် ၂၀၂၅ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဖွင့်လှစ်ရန် ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၄) ကို ဧပြီ ၅ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များ၊ ဆေးပညာနှီးနွယ် တက္ကသိုလ်များ၊ တပ်မတော် ဆေးတက္ကသိုလ်နှင့် တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ဝင် ပါမောက္ခ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက “ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းများကို ၁၉၆၄ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ် ၃၁ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့သော ဘွဲ့လွန်သင်တန်းများမှ ဒီပလိုမာဘွဲ့၊ မဟာသိပ္ပံဘွဲ့နှင့် ပါရဂူဘွဲ့ရရှိသူ စုစုပေါင်း ၁၆,၆၄၆ ဦး မွေးထုတ်ပေးနိုင် ခဲ့ကြောင်း၊ ယခုနှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများကို တက္ကသိုလ်အလိုက် ဝင်ခွင့်ခေါ်ယူရာတွင်လည်း ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အပါအဝင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ လိုအပ်ချက်များ၊ ပြင်ဆင်တိုးချဲ့သော ဖွဲ့စည်းပုံများနှင့် ကိုက်ညီမှုရှိအောင် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဦးစီးဌာနများအားလုံး ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တက္ကသိုလ်များတွင် တက်ရောက်လျက်ရှိသော ကျောင်းသား ကျောင်းသူများနှင့် သင်ကြားရေးဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အလုပ်သင်ဆရာဝန်များကို အထူးဂရုစိုက်ပေးရန်နှင့် ဆေးပညာ လေ့လာသင်ယူနိုင်ရေးအတွက် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများနှင့် တက္ကသိုလ် ပတ်ဝန်းကျင်ကောင်းရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း။

ပညာရပ်ပိုင်းဆိုင်ရာ အရည်အသွေးပြည့်မီစေရန် သင်ကြားပေးရုံမျှမကပဲ ကျင့်ဝတ်ပိုင်းဆိုင်ရာများကိုပါ သင်ကြားလေ့ကျင့်ပေးရန် လိုအပ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် ခုတင်(၅၀)ဆံ့ ဆေးရုံများတွင် အထူးကုဆရာဝန်များအား တိုးချဲ့ခန့်ထားရန် စီစဉ်ထားကြောင်း၊ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေသော မြို့နယ်ဆရာဝန်ကြီးများအတွက် ဆေးရုံအုပ်ချုပ်မှုပညာ ဘွဲ့လွန်သင်တန်းနှင့် အရေးပေါ်ကုသမှုဆေးပညာဒီပလိုမာ ဘွဲ့လွန်သင်တန်းများကို ဖွင့်လှစ်ရန်နှင့် လုပ်ငန်းခွင်မပျက် တက်ရောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း” ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အမှာစကားပြောကြားကြပြီး ဘွဲ့လွန်ဆေးပညာ သင်ကြားရေးအဖွဲ့ အတွင်းရေးမှူးက ၂၀၂၅ ပညာသင်နှစ်အတွက် ဘွဲ့လွန်ဆေးပညာသင်တန်းများကို တက္ကသိုလ်အလိုက် ဝင်ခွင့်ခေါ်ယူရေးကိစ္စရပ်များ၊ ဝင်ခွင့်စာမေးပွဲ စစ်ဆေးမည့်အစီအစဉ်၊ အမှတ်ပေးစနစ်များ၊ ဝင်ခွင့်ခေါ်ယူမည့် လုပ်ငန်းအစီအစဉ်များ၊ ဘာသာရပ်အလိုက် လျာထားဦးရေ၊ ဆေးတက္ကသိုလ်များတွင် အသစ်ဖွင့်လှစ်လိုသည့် ဘွဲ့လွန်သင်တန်းများ၏ သင်ရိုးညွှန်းတမ်းများကို ရှင်းလင်းတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်