ဘေဒိုနာ နဲ့ စန်ဆပ်ဂူတို့ ချစ်သူတွေမဟုတ်ကြောင်း အေဂျင်စီငြင်းဆို

၂၅ မေ

 

တောင်ကိုရီးယားရဲ့ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသမီး ဘေဒိုနာနဲ့ မင်းသား စန်ဆပ်ဂူတို့ ချစ်သူတွေဖြစ်နေကြောင်း သတင်းတွေ ပေါ်ထွက်လာခဲ့ပြီးနောက်မှာတော့ သူတို့ရဲ့အေဂျင်စီက အဆိုပါ သတင်းတွေဟာ မှန်ကန်မှုမရှိကြောင်း၊ ကြယ်ပွင့်နှစ်ဦးရဲ့ ခင်မင်မှုမှာမိတ်ဆွေတွေအဖြစ်သာ ရှိနေတာဖြစ် ကြောင်း တုံ့ပြန်ပြောကြားခဲ့တယ်လို့ ကိုရီးယားမီဒီယာတွေမှာ ရေးသားဖော်ပြထားကြတာကို တွေ့ရပါတယ်။

 

ဒေသတွင်း မီဒီယာတစ်ခုကဘေဒိုနာနဲ့ စန်ဆပ်ဂူတို့ ချစ်သူတွေဖြစ်နေကြကြောင်း၊ သူတို့နှစ်ဦး လက်တွဲလာသည်မှာ တစ်နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ရာ ချက်ချင်းဆိုသလိုပင် ကြယ်ပွင့်တွေရဲ့ အေဂျင်စီက တုံ့ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေ ၂၃ ရက်မှာတော့ ကြယ်ပွင့်တွေရဲ့ ဖျော်ဖြေရေး အေဂျင်စီဖြစ်တဲ့စိတ်ဗြောဒန်း အန်တာတိန်းမန့်က“ဘေဒိုနာနဲ့ စန်ဆပ်ဂူတို့ရဲ့ သတင်းတွေဟာ မမှန်ပါဘူး၊ သူတို့နှစ်ဦးဟာအေဂျင်စီတစ်ခုတည်းအောက်မှာလှုပ်ရှားနေတဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေသာ ဖြစ်ပါတယ်” လို့ထွက်ပေါ်လာတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ခဲ့ပါတယ်။

 

ဘေဒိုနာနဲ့ စန်ဆပ်ဂူတို့ဟာ Netflix ရုပ်သံလိုင်းက “Sense 8 Season 2” မှာ စတင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ယင်းဇာတ်လမ်းတွဲမှာဘေဒိုနာက ပင်တိုင်သရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင်ထားပြီး စန်ဆပ်ဂူကတော့ ဆိုးလ်အပိုင်းမှာမှ ပါဝင်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်းကစတင်ပြီး ချစ်သူတွေဖြစ်နေကြောင်းသတင်းတွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဒီလိုချစ်သူတွေ ဖြစ်နေကြောင်း သေချာစေခဲ့တဲ့အချက်တွေထဲက တစ်ချက်အဖြစ် စန်ဆပ်ဂူအနေနဲ့ ဘေဒိုနာရဲ့ အေဂျင်စီနဲ့ ပြောင်းလဲလက်တွဲခဲ့တာဟာလည်းတစ်ချက်အပါအဝင် ဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

 

ရင်းနှီးတဲ့ သတင်းရင်းမြစ်တွေရဲ့ပြောကြားချက်အရ သူတို့နှစ်ဦးဟာမကြာခဏချိန်းဆိုတွေ့ဆုံကာ အတူလည်ပတ်လေ့ရှိကြပြီး သူတို့နှစ်ဦးတွေ့ဆုံစဉ်မှာလည်း ပတ်ဝန်းကျင်ကို ဂရုမထားမိဘဲ လွတ်လွတ်လပ်လပ်နေထိုင်တတ်ကြပါတယ်။ ဒါ့အပြင်သူတို့နှစ်ဦးရဲ့ ဓာတ်ပုံတွေကိုလည်း လူမှုကွန်ရက် မီဒီယာပေါ်မှာထုတ်ဖော်ပြသခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဘေဒိုနာဟာ စန်ဆပ်ဂူထက် အသက် လေးနှစ်ခန့်ပိုကြီးတာကြောင့်သရုပ်ဆောင်နယ်ပယ်မှာ ပိုမိုစီနီယာကျတဲ့ ဘေဒိုနာက မင်းသားကို အနုပညာနဲ့ ပတ်သက်တဲ့အကြံဉာဏ်တွေ ပေးလေ့ရှိတယ်လို့လည်း သိရပါတယ်။ လတ်တလော ပေါ်ထွက်လာတဲ့ သတင်းတွေကို အေဂျင်စီဘက်ကငြင်းချက်ထုတ်ခဲ့ပေမယ့် ကာယကံရှင်တွေကတော့ တစ်စုံတစ်ရာ ထုတ်ဖော် ပြောကြားခြင်းမရှိပါဘူး။

 

ဘေဒိုနာဟာ လက်ရှိမှာတော့သူ့ရဲ့ ရုပ်ရှင်သစ် “Kingdom”  အတွက် ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။ ဒီရုပ်ရှင်ကိုတော့ Netflix ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့နောက်ထပ် ရုပ်ရှင်သစ်တစ်ကားဖြစ်တဲ့ “Drugking” ကိုလည်းဒီနှစ်အတွင်း ပြသသွားဖို့ရာ ရည်ရွယ်ထားပါတယ်။ စန်ဆပ်ဂူကတော့မကြာသေးမီက KBS ရုပ်သံလိုင်းမှရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ “Suits” မှာဒေးဗစ်ကမ်အဖြစ် ပါဝင်ခဲ့ပြီး tvN ရဲ့ ဇာတ်လမ်းတွဲ “Mother” မှာလည်းပါဝင်ထားတာ တွေ့ရပါတယ်။

 

အေးပြည့်