နေပြည်တော် ၇ ဧပြီ
ဗဟိုအဆင့် ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပသည်။
အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား စတင်တည်ထောင်ခဲ့သည့် (၁၉၄၈) ခုနှစ်၊ ဧပြီလ (၇)ရက်နေ့ကို ဂုဏ်ပြု၍ နှစ်စဉ် ဧပြီလ (၇)ရက်နေ့တိုင်းကမ္ဘာ့ ကျန်းမာရေးနေ့ အခမ်းအနား ကျင်းပခြင်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကုလသမဂ္ဂအဖွဲ့ကြီး၏ နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် သီးသန့်အထူးပြု၍ အခြေခံမူ (၉)ချက်နှင့် အဓိကလုပ်ငန်းစဉ် (၂၂)ရပ် ချမှတ်ဆောင်ရွက်နေသော အဖွဲ့အစည်း တစ်ခုဖြစ်ပါကြောင်း၊ အဓိကလုပ်ငန်းစဉ်များနှင့် ကိုက်ညီအကျုံးဝင်သော ဝန်ကြီးဌာန၏ ကျန်းမာရေး စီမံချက်လုပ်ငန်းများအတွက် ကူညီထောက်ပံ့မှုများပေးလျက်ရှိရာ မိမိတို့နိုင်ငံမှလည်း ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
ယခု (၂၀၁၉)ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “အရည်အသွေးပြည့် ကျန်းမာရေး၊ လူတိုင်းရအောင် ဆောင်ရွက်ပေး" နှင့်အညီ အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုကို (၂၀၃၀)ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူတိုင်းသာတူညီမျှ လက်လှမ်းမီရရှိရေးကို အောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ ထို့အပြင် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို သွားလာရခက်ခဲသော ဝေးလံခေါင်သီ ဒေသများအထိ နေရာဒေသတိုင်းရရှိစေရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ INGO/NGO များ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် သာအောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အဓိကသော့ချက်မှာ ဝန်ထမ်းအားလုံးသည် ပြည်သူ့အသံကို နားထောင်၍ ပြည်သူများဘက်မှစဉ်းစားပြီး လုပ်ဆောင်ခြင်း ဖြစ်ပါကြောင်း၊ တိုက်နယ်နှင့် မြို့နယ်ဆရာဝန်များ၊ အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များ အနေဖြင့်လည်းမိမိတို့ တာဝန်ကျရာ ရပ်ရွာအတွင်း ကျန်းမာရေးစကားဝိုင်းငယ်များ ပြုလုပ်ခြင်းတို့ဖြင့် ပြည်သူ့အသံကို အလေးအနက်ထား နားထောင်၍ ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊
တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် လုပ်ငန်းများပိုမိုထိရောက် အောင်မြင်နိုင်ရေးအတွက် အားသာချက်၊ အားနည်းချက်နှင့် လိုအပ်ချက်များကိုဆန်းစစ်သုံး သပ်ခြင်းများကို ဆောင်ရွက်ရန်နှင့် မိမိတို့နေရာဒေသ၊ လက်တွေ့မြေပြင် အခြေအနေများနှင့် ကိုက်ညီမည့် လုပ်ငန်းစဉ်များ အဖြစ်ချမှတ်ဆောင်ရွက်၍ လူတိုင်းသာတူညီမျှ လက်လှမ်းမီရရှိရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
ပြည်သူ့ကျန်းမာရေးကဏ္ဍဘက်မှသာမက ကုသရေးကဏ္ဍမှလည်း တိုက်နယ်ဆရာဝန်များ၊ မြို့နယ်ဆရာဝန်များနှင့် အထူးကုဆရာဝန်ကြီးများမှသည် နှီးနွှယ်ကျန်းမာရေး ပညာရှင်များအထိ အားလုံးဝိုင်းဝန်းဆောင်ရွက် သွားကြပါရမည် ဖြစ်ပါကြောင်း၊ မိမိတို့အားလုံးသည် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို (၂၀၃၀)ခုနှစ်တွင် လူတိုင်းသာတူညီမျှ လက်လှမ်းမီရရှိရေးတူညီသော ပန်းတိုင်အတွက် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုးပမ်းလုပ်ကိုင်သွားကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၏ သဝဏ်လွှာကို မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost မှဖတ်ကြားသည်။
ထို့နောက် တာဝန်ရှိသူအသီးသီးက “တိုင်းဒေသကြီး/ပြည်နယ် တစ်ခုချင်းစီမှ ကျန်းမာရေး လုပ်ငန်းများ စွမ်းဆောင်ရည်ထူးချွန် စံပြမြို့နယ်ဆေးရုံဆု၊ စံပြတိုက်နယ် ဆေးရုံဆုနှင့် စံပြမြို့နယ်ဆု” များကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့် အတူအထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


