နေပြည်တော် ၁၀ ဧပြီ
လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့် ခွင့်ပြုမိန့်မရရှိမီ စည်းကမ်းမဲ့စွာ အကွက် ဖော်ရောင်းချမှုများနှင့် စိုက်ပျိုးမြေများ အကြောင်းမဲ့ လျော့နည်းလာခြင်းမရှိစေရန် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင် စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
ဆက်လက်၍ နိုင်ငံ၏ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် စက်ရုံ အလုပ်ရုံများ တိုးတက်တည်ဆောက်ရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြေယာများ အသုံးပြုရန်လိုအပ်မည်ဖြစ် သော်လည်းစားနပ်ရိက္ခာဖူလုံပြည့်ဝရေး၏ အရင်းအမြစ် တစ်ခုဖြစ်သော လယ်ယာမြေများမလျော့ပါးစေရေးကိုပါ ထည့်သွင်းသုံးသပ်ပြီး သဟဇာတရှိစွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ယနေ့နံနက် ၉ နာရီက စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက နိုင်ငံတော် စီမံကိန်းများဆောင်ရွက်ရာတွင် သိမ်းယူခံရသည့် လယ်ယာမြေများအတွက် နစ်နာ ကြေးနှင့် လျော်ကြေးပေးချေရန်ကိစ္စရပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လျှောက်ထားလာမှုကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းကဏ္ဍများအလိုက် ရှင်းလင်းတင်ပြသည်။
ယနေ့ အစည်းအဝေးတွင် လယ်ယာမြေဆိုင်ရာဥပဒေပါ အခွင့်အရေးများကို ပြည်သူများအပြည့်အဝခံစားခွင့်ရရှိရေး၊ တရားမဝင်ရောင်းဝယ်ခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ငှားရမ်းခြင်းများကြောင့် စာရင်းဇယား၊ ကိန်းဂဏန်း အချက်အလက်များကောက်ယူရာတွင်လယ်ယာမြေပိုင်ဆိုင်လုပ်ကိုင်သူအမည် ကွဲလွဲမှုများဖြစ်ပေါ်နေမှုအပေါ် လယ်ယာမြေများစနစ်တကျ စီမံခန့်ခွဲဆောင်ရွက်နိုင် ရေးအတွက် တည်ဆဲစည်းမျဉ်းစည်းကမ်းဥပဒေများ နှင့်အညီ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် လည်းကောင်း၊ နိုင်ငံတော်စီမံကိန်းများအတွက် သိမ်းယူထားသည့် လယ်ယာမြေများနှင့်ပတ်သက်၍ နစ်နာကြေးနှင့် လျော်ကြေးပေး ချေရန်ကိစ္စများကိုလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ခွင့်ပြုချက် မရှိဘဲ အခြားနည်းကျူးလွန်အသုံးပြုထားမှုများကိုပုဒ်မ(၁၉)ပါ ပြဌာန်းချက်များနှင့် အညီအ ရေးယူဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်ပါ အတိုင်းခွင့်ပြုချက်မရရှိမီ လယ်မြေများအပေါ်၌ ဆောင်ရွက်ပါက ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှလည်းကောင်း၊ ကျန်လယ်ယာမြေများအပေါ် အသုံးပြုပါက နေပြည်တော် ကောင်စီ/တိုင်းဒေသကြီး/ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ မှ လည်းကောင်းဒဏ်ကြေးသတ်မှတ်ရန် ကိစ္စရပ်များကိုလည်းကောင်းအကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
(သတင်းစဉ်)


