ဘက်စုံထူးချွန်လူငယ်များအား ဆုချီးမြှင့် လူရည်ချွန် (၁၉၆၄ - ၁၉၈၈) အဖွဲ့အား အလှူငွေများလှူဒါန်း

နေပြည်တော်  ၂၇   ဇန်နဝါရီ 

 

လူရည်ချွန်(၁၉၆၄ - ၁၉၈၈)အဖွဲ့ နှစ်ပတ်လည် ညစာစားပွဲနှင့် ၂၀၁၈ ခုနှစ် ဘက်စုံပညာထူးချွန် လူငယ်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ နိုင်ငံတကာစီးပွားရေးဗဟိုဌာန (IBC) ၌ ကျင်းပသည်။

 

အခမ်းအနားတွင် လူရည်ချွန်(၁၉၆၄ - ၁၉၈၈) အဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ အောင်ဇော်မျိုးက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ လူရည်ချွန်စီမံကိန်း အစဦးကာလမှ ဦးဆောင် ပါဝင်ခဲ့သူ ဆရာကြီးဒေါက်တာဦးသန်းဦးတို့က ဂုဏ်ပြုအမှာစကား ပြောကြားကြသည်။ 

 

ထို့နောက် ၂၀၁၈ ခုနှစ် ဘက်စုံပညာထူးချွန်လူငယ် ရမှတ်အများဆုံး ၁၀ ဦးတို့အား ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်သူ၊ ဦးခင်မောင်ချို၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ဦးကျော်တင် တို့က ဆုများချီးမြှင့်ပေးကြသည်။ 

 

ယင်းနောက် လူရည်ချွန်(၁၉၆၄ - ၁၉၈၈)အဖွဲ့၏ ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍ၊ တိုင်းကျိုးပြည်ပြု ပရဟိတလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လှူဒါန်းကြရာ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းကိုယ်စား လူရည်ချွန် ဦးညိုမြင့်နှင့် လူရည်ချွန် ဒေါက်တာနန်းခင်မေဖူးတို့က ငွေကျပ်သိန်း ၃၀ဝ၊ ဒေါက်တာအေးအေး၊ ဒေါက်တာကြူကြူနှင့် ဒေါက်တာမောင်မြ လားရှိုးလူရည်ချွန်မောင်နှမများက ငွေကျပ်သိန်း ၅၀၊ လူရည်ချွန်ဗိုလ်ချုပ် နိုင်မင်းကျော်နှင့် လူရည်ချွန်မောင်နှမများက ငွေကျပ် ၁၄ သိန်း ၂ သောင်း၊ လူရည်ချွန်ဒေါက်တာ ဦးစိုင်းမောက်ခမ်း (ဒုတိယသမ္မတ - ငြိမ်း)က ငွေကျပ် ၁၀ သိန်း၊ လူရည်ချွန် ပါမောက္ခဒေါက်တာအောင်ဇော်မျိုးက ငွေကျပ် ၃ သိန်း၊ လူရည်ချွန်ဒေါ်ငြိမ်းငြိမ်းအေး (ဩစတေးလျ)က ငွေကျပ် ၂ သိန်း၊ ဒေါ်နန်းပေါင်းခမ်း၊ ဒေါ်ယဉ်မင်းအေး၊ ဒေါ်စိမ်းစိမ်းထက်၊ ဒေါ်သက်ကေသွယ်အောင်နှင့် ဒေါ်အိရွှေစင်သိမ်း လူရည်ချွန်တစ်စုက ငွေကျပ် ၂ သိန်း ၈ သောင်း၊ လူရည်ချွန်ဦးခင်မောင်ကြည်နှင့် ဒေါ်ဆန်းဆန်းလှက ငွေကျပ် တစ်သိန်းတို့ကို ပေးအပ် လှူဒါန်းကြရာ လူရည်ချွန်(၁၉၆၄ - ၁၉၈၈)အဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာအောင်ဇော်မျိုးက လက်ခံခဲ့ကြောင်း သိရသည်။

 

(မောင်မောင်မျိုး)