ရန်ကုန် ၂၆ မတ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၄၈)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့ အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ ည ၇ နာရီတွင် ရန်ကုန်မြို့Sedona Hotel ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ဇနီးဒေါ်ခင်ဌေးတို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့်ဇနီး၊ သံတမန်များအဖွဲ့ နာယက မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Pehin Orang Kaya Seri Pahlawan Colone(R) Dato Paduka Haji Abdu’r Rahmani bin Dato Paduka Haji Basir ၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury နှင့် ဇနီးတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့ အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


