ဒါကာ၊ အောက်တိုဘာ ၈

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက်ပိုင်း မေမန်ဆင်းဒ်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံမှုများကြောင့် နေအိမ်ထောင်ပေါင်းများစွာ ရေနစ်မြုပ်မှု ဖြစ်ပွားဆဲဖြစ်ပြီး လူပေါင်းရာချီ  ရေဘေးသင့်မှု ဖြစ်ပွားကြောင်း သိရသည်။

 

အမျိုးသား စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေး ဝန်ကြီးဌာနအောက်ရှိ အမျိုးသားဘေး အန္တရာယ်တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ၏ ထုတ်ပြန်ချက်အရ မေမန်ဆင်းဒ် ဒေသ ခရိုင်သုံးခုရှိ မြေနိမ့်ဒေသများတွင် ပြင်းထန်သော ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး ခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ယင်းစင်တာက တနင်္လာနေ့အထိ ရေကြီးရေလျှံ ဖြစ်ပွားမှုအတွင်း သေဆုံးသူခြောက်ဦးအနက် လေးဦးမှာ အမျိုးသားများဖြစ်ပြီး ကျန်နှစ်ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း ပြောသည်။ ရေကြီးရေလျှံမှုကို မေမန်ဆင်းဒ်ဒေသ ရှာပါးခရိုင်က အပြင်းထန်ဆုံး ခံစားခဲ့ရပြီး အသက်အိုးအိမ်စည်းစိမ်ဥစ္စာများနှင့် ကောက်ပဲသီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။

 

ရေကြီး ရေလျှံမှုဆိုင်ရာ ကြိုတင်ခန့်မှန်းရေးနှင့် သတိပေးရေးစင်တာက ၎င်း၏ နေ့စဉ်ရေလွှမ်းမိုးမှု သတင်းထုတ်ပြန်ချက်တွင် ဒေသတွင်း Jinjiram မြစ်မှာ စိုးရိမ်ရေအမှတ်ထက် ၉၂ စင်တီမီတာ ကျော်လွန်နေပြီး Someswari မြစ်မှာလည်း စိုးရိမ်ရေအမှတ်ထက် ၁၀ စင်တီမီတာ ကျော်လွန်နေကြောင်း ဖော်ပြထားသည်။

 

ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်၊ ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေရန်နှင့် ရေဘေးသင့်သူများ ခိုလှုံသည့်စင်တာများတွင် ကြီးကြပ်နိုင်ရန် အာဏာပိုင်များက ဘေးအန္တရာယ်တုံ့ပြန် ဆောင်ရွက်ရေး အသင်းအဖွဲ့များကို စေလွှတ်ထားသည်။     

 

ဆင်ဟွာ