ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အပူချိန်ပြင်းထန်မှုကြောင့် လေးဦးသေဆုံးမှုဖြစ်ပွား

 

ဒါကာ ဧပြီ ၂၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာ၏ လမ်းများတွင် ဧပြီ ၂၁ ရက်က ပုံမှန်ထက် ကူးလူးသွားလာ လှုပ်ရှားမှုများ နည်းပါးခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒါကာမြို့တွင် အပူချိန် အလွန်ပြင်းထန်သောကြောင့် အမိုးဖွင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်အချို့ ရပ်နားထား ရသည်။

 ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း လူသန်းပေါင်းများစွာမှာ အပူနှင့် ဆက်နွှယ်သော အန္တရာယ်ရှိကြောင်း ပြင်းထန်သော နွေရာသီ၏ အစပိုင်း ရာသီဥတုပြောင်းလဲမှုနှင့်ဆက်စပ်ပြီး ကျွမ်းကျင်သူများက သတိပေးထားသည်။ ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး အပူလျှပ်မှုကြောင့် သေဆုံးခဲ့သည်ဟုဆိုသည်။

ထို့ကြောင့် နိုင်ငံအတွင်း အပူလျှပ်မှုကြောင့် သေဆုံးသူ လေးဦးအထိ ရှိလာပြီဖြစ်သည်။ ပြင်းထန်သော အပူချိန်ကို ရှောင်ရှားနိုင်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရသည် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများ၊ ကောလိပ်များ၊ နည်းပညာဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို ဧပြီ ၂၁ ရက်မှ ၂၇ ရက်အထိ ပိတ်ထားရန် ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်အစိုးရသည် နိုင်ငံအတွင်း ဒေသအများ အပြား၌ အပူချိန် ၄၂ ဒီဂရီဆဲလ် စီးယပ်စ်အထိ ရှိခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်မိုးလေဝသ ဦးစီးဌာန (ဘီအမ်ဒီ) က အပူလှိုင်း သတိပေးချက်ကို ထုတ်ပြန်ထားပြီး ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ်နွေရာသီ၏ အမြင့်ဆုံး အပူချိန်မှာ ဂျက်ဆိုးခရိုင်တွင် ဖြစ်ပြီး ၄၂ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်စ် အထိရှိခဲ့ကြောင်း မိုးလေဝသပညာရှင် ဆူလ်တာနာက ပြောသည်။

မြို့တော် ဒါကာရှိ အပူချိန်မှာ ဧပြီ ၂၀ ရက်က ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ ဒါကာတွင် ပြီးခဲ့သည့်နှစ် ဧပြီ ၁၆ ရက်တွင် အပူချိန် ၄၀ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်စ် အထိ ရှိခဲ့သောကြောင့် နှစ်ပေါင်း ၅၈ နှစ်အတွင်း အမြင့်ဆုံးအပူချိန် ဖြစ်ခဲ့ကြောင်း သိရသည်။

 ဆင်ဟွာ